Tuesday, January 22, 2013

နှစ် ၆၀ ကြာသော်လည်း စွန်းလွန်းဆရာတော်ကြီး ရုပ်ကလာပ်ပျက်စီးမှုမရှိ

စွန်းလွန်းဆရာတော်ဘုရားကြီးအား ဖူးနေသော သံဃာတစ်ပါးကို တွေ့ရစဉ်။  စည်သူလွင်/ မြန်မာတိုင်း(မ်)စွန်းလွန်းဆရာတော်ဘုရားကြီးအား ဖူးနေသော သံဃာတစ်ပါးကို တွေ့ရစဉ်။ စည်သူလွင်/ မြန်မာတိုင်း(မ်)

မြင်းခြံမြို့  စွန်းလွန်းဂူကျောင်းတိုက် အတွင်းတွင် ဘ၀နတ်ထံ ပျံလွန်တော်မူ သွားသည့်
စွန်းလွန်း ဆရာတော်ဘုရား ကြီး၏ ရုပ်ကလာပ်အား ပူဇော်ခံထားရှိရာမှာ နှစ်ပေါင်း ၆၀ ရှိပြီ
ဖြစ်သော်လည်း ရုပ်ကလာပ်မှာ မပုပ်မသိုး မပျက်စီးဘဲရှိနေသေးကြောင်း စွန်းလွန်းကျောင်း
တိုက်မှ ဆရာတော် ဦးနန္ဒ၀ံသက မြန်မာတိုင်း(မ်)ကို မိန့်ကြားသည်။


"နှစ်ပေါင်း ၆၀ ကျော်ရှိနေပြီ၊ဆရာ တော်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ  ပျက်စီးမှု ဖြစ်သွား
တာရယ်လို့ မရှိဘူး။ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဘယ် ဆေးဝါးနဲ့မှ မပုပ်မသိုးအောင်
လုပ်ထားတာမျိုး မရှိပါဘူး"ဟု ဆရာတော် ဦးနန္ဒ၀ံသက မိန့်သည်။


ဆရာတော်ဘုရားကြီး၏ ဘွဲ့အမည် မှာ ဦးက၀ိဖြစ်ပြီး သက်တော် ၇၅ နှစ်၊၀ါတော် ၂၈ ၀ါတွင်
ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပြီး ယခင်အချိန်က ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်အား
အကာအကွယ်မဲ့ ပူဇော်ခံခဲ့ပြီး ယခု အချိန်တွင် ရုပ်ကလာပ်အား ကြာရှည်စွာ အပူဇော်ခံနိုင်
စေရန် ဖန်ကလပ်ဖြင့် ပူဇော်ခံထားရှိ ခဲ့ပြီးဖြစ်သည်။


ခရီးသွားရာသီများတွင် ဆရာတော် ဘုရားကြီးအား ပြည်တွင်းဘုရားဖူးများ သာမက
ပြည်ပဧည့်သည်များ ကလည်း လာရောက်လေ့လာ ဖူးမြော်ကြရာ ဖူးမြော်သူများဖြင့်
အထူးပင်စည်ကား ကြောင်းလည်း သိရသည်။


"မြင်းခြံမြို့က  မန္တလေးနဲ့ ပုဂံခရီးသွားလမ်းပေါ်မှာ ရှိတဲ့အတွက် ပြည်တွင်းဧည့်သည့်တွေအပြင်
ပြည်ပက ဧည့်သည်တွေလည်း အဖွဲ့လိုက် လာရောက်ဖူးမြော်လေ့လာကြတယ်။ အဲဒီအချိန်
ဆိုရင်တော့ ကျောင်းတိုက် အပြည့်ပါပဲ"ဟု ဆရာတော်က ဆက်လက်မိန့်သည်။


ဆရာတော်ဘုရားကြီးအား လာ ရောက်ဖူးသော ပြည်တွင်းဧည့်သည် တစ်ဦးဖြစ်သူ
ဦးမောင်ကျင်က "ဆရာ တော်ကြီးက ရဟန္တာပါ။ အဲဒါကြောင့်မို့လည်းအခုလို မပုပ်မသိုးဘဲ
ရှိနေတာပေါ့။  ဒါတွေက ဗုဒ္ဓဘာသာဝင်တွေအတွက် ဂုဏ်ယူစရာပါပဲ။ အခုဆိုရင် နိုင်ငံခြားသား
တွေကလည်း လာရောက်လေ့လာနေကြပြီ"ဟု ပြောသည်။


ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်အား ပူဇော်ခံထားရာတွင် ဆံပင်တော်များနှင့်
လက်သည်းတော်များအနည်းငယ် ရှည်ထွက်လျက်ရှိနေသည်။


ဆရာတော်ဘုရား၏ ဓာတ်တော်များ အား ပြည်ပ ဗုဒ္ဓဘာသာ နိုင်ငံများမှ ဘုရား တည်ရာတွင်
ဇာပနာထား ရှိနိုင်ရန် လာရောက်ပင့်ဆောင်မှုများလည်း လွန်ခဲ့သည့်နှစ် အနည်းငယ်အတွင်း
က ရှိခဲ့ဖူးကြောင်း သိရသည်။


"နှစ်တော့ နည်းနည်းကြာသွားပါပြီ။ အင်ဒိုနီးရှားနိုင်ငံက ဘုရားတည်ရာမှာ ဌာပနာဖို့အတွက်
ဆိုပြီး ဓာတ်တော် လာပင့်တယ်။ ဆံပင်တော် နှစ်ဆူပင့် သွားတယ်။ ဆံပင်တော် ယူရာမှာ
လည်း ခက်ခက်ခဲခဲ ရယူရတယ်။ ဆံတော်တွေ က မြဲပြီး ခိုင်နေတယ်"ဟု ဆရာတော်က
မိန့်ကြားသည်။


ဆရာတော်ဘုရားကြီးအား အဖဦးသန့်၊ အမိ ဒေါ်တုတ်တို့က ၁၂၃၉  ခုနှစ်၊ တပေါင်းလဆန်း
၂ ရက် တနင်္လာနေ့တွင် ဖွားမြင်တော်မူခဲ့သည်။ သာသနာ့ ဘောင်သို့ ၀င်ရောက်ပြီး တရား
ကျင့်ကြံအား ထုတ်ခဲ့ရာ ၁၂၈၂ ခုနှစ်၊ ၀ါဆိုလပြည့်ကျော်  ၁၃ ရက်နေ့တွင်  ပထမတရားထူး၊
၁၂၈၂ ခုနှစ် ၀ါခေါင်လပြည့်ကျော် ၁၃ ရက်နေ့တွင် ဒုတိယတရားထူး၊ ၁၂၈၂ ခုနှစ်၊
တော်သလင်းလပြည့်ကျော်  ၁၃ ရက်နေ့တွင် တိယတရားထူး၊ ၁၂၈၂ ခုနှစ၊် သီတင်းကျွတ်
လပြည့်ကျော် ၁၃ ရက်နေ့တွင် စတုတ္ထတရားထူးများကို ရရှိတော်မူခဲ့ပြီး ၁၃၁၄ ခုနှစ်၊ ကဆုန်
လပြည့်ကျော် ၉ ရက် စနေနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။




ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။

0 comments:

Post a Comment