Tuesday, January 22, 2013

အိမ်အပြန် ခင်မောင်ညို (ဘောဂဗေဒ)

      ကိုယ့်ရပ်ကိုယ့်ရွာကို လွမ်းတတ်၊ ပြန်ချင်တတ်ပေမယ့်၊ တခါတလေမှာ မလွမ်းချင်စရာတွေ၊ လွမ်းလို့အဆင်မပြေတာတွေ တွေ့တွေ့နေတော့၊ တစ်ခေါက်တစ်ခေါက် မနည်းအားတင်းပြီးသွားရတယ်။ တစ်ခေါက်သွားပြီးရင်လဲ၊ နောက်တစ်ခေါက် သွားဖြစ်ပါဦးမလားဆိုတာ အတော်စဉ်းစားရတယ်။
          ဒီတစ်ခေါက်၊ အာစရိယ ပူဇော်ပွဲက၊ ခါတိုင်းအဓိက တာဝန်ယူနေတဲ့သူတွေမရှိလို့၊ အားမရှိလှပါဘူး။ ကိုယ့်ဖာသာကိုယ်တောင် မလိုက်ချင်သလိုလို၊ လိုက်ချင်သလိုလိုပါပဲ။ ဒါပေမယ့် သမီးဖြစ်သူကို ဆွေပြမျိုးပြ ခေါ်သွားချင်တာရယ် (ဇနီးကိုတော့ မခေါ်နိုင်သေးပါဘူး)၊ ပြောစရာဆိုစရာတွေကလဲ ရှိနေတာရယ်ကြောင့် မလိုက်လို့က မဖြစ်ပြန်ဘူး။ ဟောပြောပွဲကို လုပ်ချင်ကြတယ် (ခါတိုင်းက တော့၊ ကျောင်းထဲမှာပဲ ဟောတာပါ။ အခုတော့ မိုးသိင်္ဂီဇာတ်ရုံမှာ၊ လူထုကို ဟောဖို့ပါ) ဆိုလို့၊ ဆရာတစ်ယောက်ကို ချိတ်ပါတယ်။ သူ့ဟောပြောပွဲဓါတ်ပြားတွေက နေရာအနှံ့ပြန့်နေလေတော့၊ ကိုယ်တိုင်ဟောပြောတာကို နားထောင်ချင်နေတဲ့သူတွေက ရှိနေတာကိုး။ ဆရာက၊ အနားကပ်မှ မလိုက်နိုင်ဘူးဖြစ်ပါလေရော။ ဒီကြားထဲ ငါန်းဇွန်ပရိသတ်က သူတို့စိတ်ထဲရှိသမျှ ဆရာတွေကို ဖိတ်ခိုင်းလို့၊ ကြိုးစားဖိတ်ပေမယ့် ဘယ်ဆရာကြီး တွေကိုမှ မရနိုင်၊ နားပူတဲ့ဒဏ်မခံနိုင်တဲ့အဆုံး၊ ငါပါမလာပဲနေလိုက်ရမလားလို့ ခြိမ်းခြောက်လိုက်မှပဲ၊ အေးသွားပါတော့တယ်။ ကိုယ့်အစီအစဉ်နဲ့သွားမယ့်သူတွေက ခပ်များများဆိုတော့၊ စုသွားကြမယ့် အစီအစဉ်မှာ လူထပ်လျော့သွားပါတယ်။ (၄)ရက်စာ ပေးရမယ့်ကားခကို ၀န်လေးနေကြရာက၊ နောက်ဆုံးမတော့၊ ကုန်းလမ်းပို့ဆောင်ရေး ဘက်က ကားတစ်စီးကို၊ ဈေးသက်သက်သာသာနဲ့  ရပါတယ်။ လူနည်းတော့လဲ၊ တယောက်ကို နှစ်ခုံနှုန်းလောက် ထိုင်နိုင်ကြပါတယ်။ လမ်းအသစ်ကတိုပေမယ့်၊ မသွားဘူးကြလေတော့၊ သိတဲ့ လမ်းအတိုင်းသွားကြတာ၊ တစ်နာရီလောက် ပိုကြာသွားပါတယ်။ တံတားဦး မြင်းခြံလမ်းကနေ ခွဲထွက်ပြီး ငါန်းဇွန်ကို (၁၄)မိုင်လောက်ဝင်ရတာ၊ ထန်းပင်တွေ၊ ပဲစဉ်းငုံခင်းတွေ၊ ၀ါခင်းတွေကို ကြည့်လို့မ၀နိုင်ဘူး။ ငါန်းဇွန်အ၀င်ချောင်းကို ဖြတ်တော့၊ ကားပေါ်ကဆင်း ရေဆော့ပြီး မြို့ကိုဝင်ဖြစ်ပါတယ်။ ကားပေါ်က အဝေးရောက်ငါန်းဇွန်သားတွေကတော့ မသန်းစုခေါက်ဆွဲ စားမယ်လို့ အစောကြီးကတည်းက ကျုံးဝါးထားတဲ့အတိုင်း အပြေးစားကြပါတယ်။ ကိုယ်တစ်ယောက်တည်းလာစဉ်က၊ ကျောင်းမှာပဲ တည်းလေ့ရှိပေမယ့်၊ သမီးပါလာတာရယ်၊ ဟောပြောမယ့်စာရေးဆရာတွေအတွက် သပ်သပ်စီစဉ်ထားတယ်ဆိုတာရယ်ကြောင့် ကိုယ်မရောက်ဘူး၊ မတည်းဘူးတဲ့ နေရာကို လိုက်တည်းပါတယ်။ သူတို့နဲ့တွေ့မှပဲ၊ အရင်တုံးက၊ ကိုယ့်အရပ်ကိုယ့်ဒေသဟာ စီးပွားရေးလုပ်လို့ ကိုင်လို့ မကောင်းလို့ မကြီးပွားမတိုးတက်တာပဲဆိုတဲ့အမြင်၊ လုံးဝပျောက်ကွယ်သွားပါတော့တယ်။ ထုံးစံအတိုင်း နေ့လည်ပိုင်းမှာ အ.ထ.က ကျောင်းသားကျောင်းသူတွေ ဟောပြောဖို့ စီစဉ်ထားရာမှာ၊ ကလေးတွေက၊ ၀ီရိယကောင်းကောင်းနဲ့၊ အစောကြီးရောက်နေတာတွေ့ရပါတယ်။ အရင်တစ်ခေါက်တုံးက၊ ကလေးတွေက၊ နိုင်ငံခြားအတွေ့အကြုံတွေ ကြားချင်ကြတယ်ဆိုလို့၊ အဲဒီအကြွေးကို ဆပ်တဲ့အနေနဲ့ အခုတစ်ခေါက် ဟောပြောပါတယ်။ မန္တလေး- ဦးဘုန်း(ဓာတု)နဲ့ ကာတွန်းဆရာ ဟာဂျူလီ (ကသာ) တို့ကလဲ အဟောကောင်းအပြောကောင်းတွေဆိုတော့၊ ကလေးတွေက သဘောကျကြပါတယ်။ ရောက်ရောက်ချင်း ငါန်းဇွန်ဈေးထဲ သမီးကိုခေါ်သွားပြီး ဆွေမျိုးတွေနဲ့ တွေ့ပေးပေမယ့်၊ ကိုယ်ရောင်းခဲ့တဲံဆိုင် နေရာကိုတော့၊ လုံးဝမမှတ်မိပါဘူး။ ဈေးကို ကြည့်ပြီး၊ သမီးက - ဒီဈေးလေးကလဲ သန့်ရှင်းလိုက်တာလို့ မှတ်ချက်ချလို့၊ ၀မ်းသာရပါသေးတယ်။
          ဟောပြောပွဲမစမီ၊ ငါန်းဇွန်ရဲ့ ဂေဇက်ဝင်ဘုရားတဆူဖြစ်တဲ့ မိုးကောင်းဘုရားကို သွားဖူးကြပါတယ်။ ငါန်းဇွန် အ.ထ.က ခန်းမမှာ၊ ဟောပြောဖို့ ငယ်ငယ်ကတည်းက အိပ်မက်ရှိပေမယ့်၊ ဇာတ်ရုံမှာဟောဖို့ဆိုတာတော့ စိတ်တောင်မကူးဖူးပါဘူး။ ဇာတ်ရုံပြည့်ရုံမက၊ အပြင်မှာပါ။ ဆိုင်ကယ်တွေ တသီတတန်းကြီး နဲ့ အားပေးကြပါတယ်။ မြို့ထဲက ပိုပြီး ပီပီသသ ကြားရတယ်လို့လဲ ပြောကြပါတယ်။ ကိုယ်ရေးရာဇ၀င် အကျဉ်းချုပ်ရေးပေးရာမှာ၊ အခမ်းအနားမှူးနှစ်ယောက် အနက်တစ်ယောက်က၊ ငါန်းဇွန်က ဒီလိုလူမျိုး ထွက်သားပဲဆိုတဲ့ မှတ်ချက်နဲ့၊ ဂုဏ်ယူဝံ့ကြွားစွာ ယူဖတ်ခဲ့တယ်ဆိုတဲ့ စကားတလုံးနဲ့ကို အတော်လေးကျေနပ်ခဲ့ပါတယ်။ ဒီအရပ်ဒီဒေသက ဒီလိုလူတွေ၊ မိုးလေ၀သက ဒေါက်တာဦးထွန်းလွင် လိုလူတွေ ထွက်နိုင်ခဲ့ပါတယ်ဆိုတာ၊ နောင်လာနောက်သားတွေကို ပြချင်ပြောချင်တာနဲ့ သွားနေတာ၊ သွားရကျိုးနပ်ပါတယ်။
          အရင်တစ်ပတ် နေပြည်တော် ထန်းတစ်ပင်တောရမှာလဲ Sunday School ကို တွေ့ခဲ့တယ်။ အခု ကိုယ့်အရပ် ကိုယ့်ရွာရောက်တဲ့အခါကျလဲ၊ ကွန်ပျူတာ (၇)လုံးနဲ့ သင်တန်းသား ရာထောင်ချီရှိတဲ့ သင်တန်းသားတွေကို အဖိုးအဖွားအဖေအမေတွေ လှူဒါန်းထားခဲ့တဲ့ ဘုန်းကြီးကျောင်းဝင်းတွေမှာ တွေ့ရတာဟာဖြင့်၊ ဒီတစ်ခေါက်မှာ စိတ်အကျေနပ်ဆုံးပါ။
          ကျွန်တော်တို့ဆီမှာ၊ မပြောင်းလဲသေးတာတွေလဲ အများကြီးပါ၊ ကျွန်တော်ငယ်ငယ်က ဖြတ်သန်းသွားလာခဲ့တဲ့ မြေလမ်းတွေ။ ရွှံ့လမ်းတွေဟာ၊ အခုလဲ မြေလမ်းတွေရွှံ့လမ်းတွေပါပဲ။ ကျွန်တော်တို့ ငယ်ငယ်ကနေခဲ့တဲ့ အိမ်က၊ ခေတ်ဆန်ဆန် ပုံစံဖြစ်သွားတာကျတော့၊ ကျွန်တော်တို့ ခံစားလို့ မရပြန်ပါဘူး။ (တကယ်တော့ ပိုင်ရှင်အသစ်က၊ သူလုပ်ချင်သလို လုပ်လို့ရတာပါပဲ)။ ဟိုတုံးက- ဆရာတော် ဦးစန္ဒိမာ လက်ထက်က၊ အေးချမ်းစွာရှိခဲ့တဲ့ သဲဖြူကျောင်းဝန်းကျင်မှာ ကလေးတွေ၊ သင်တန်းသားတွေနဲ့ ကမ္ဘာကြီးကို အမီလိုက်ဖို့ ကြိုးစားနေကြတာတွေ၊ ဟောပြောပွဲမှာ ကလေးတွေက အော်တိုရေးခိုင်ကြ၊ လက်မှတ်လာထိုးခိုင်ကြတာတွေကို သဘောကျတယ်။ ဒါကြောင့်လဲ၊ ဒီလောက်မကပေးချင်၊ လှူချင်ပေမယ့်၊ ကိုယ့်အတိုင်းအတာနဲ့ ကိုယ်မို့ ဟောပြောပွဲက ချီးမြှင့်တဲ့ငွေကို၊ ဘုန်းကြီးကျောင်းက တနင်္ဂနွေသင်တန်းအတွက် ကြိုက်တာသုံးကြ၊ ပြန်စာရင်းရှင်းမနေနဲ့လို့ ဂေါပကလုပ်တဲ့အကိုကြီး ကိုသန်းစိုးလက်ထဲ ထည့်ခဲ့တယ်။
          တကယ်တော့၊ ကုသိုလ်၊ ပညာ၊ ဥစ္စာရတဲ့ အရပ်ဒေသဆိုတာ၊ ပထ၀ီအနေအထားကို ပြောတာမဟုတ်၊ အဲဒီအရပ်ဒေသက လူတွေရဲ့ စွမ်းအားကို ပြောတာလို့ သဘောပေါက်လာခဲ့ကြောင်းပါ။


 ခင်မောင်ညို (ဘောဂဗေဒ)

0 comments:

Post a Comment