Tuesday, January 22, 2013

♥♥♥တရားခံဘယ်သူလဲ♥♥♥

ထိုနေ့က ကျွန်ုပ်အိပ်ယာပင်မထသေး။ အမြဲတမ်းနောက်ကျတတ်သည့် ဖိုးခွေးနီက သည်တစ်ခါ ထူးထူးဆန်းဆန်း ကျွန်ုပ်၏ အိပ်မက်ဒေ၀ီကို အတင်းမောင်ထုတ်နေတော့သည်။ “ ဗျို့ မောင်နွေ ” “ ကိုနွေ့ မထသေးဘူးလားဗျ ” အာဠာဝက ဘီလူးအရက်မူးသောအခါဟိန်းဟောက်သံကဲ့သို့ တံခါးပေါက်ဝမှ အော်ဟစ်ခေါ်နေသော ဖိုးခွေးနီ၏ အသံကြောင့် မထချင်သော်လည်း ကြိတ်မှိတ်၍ ထလိုက်ရတော့သည်။ “ ဘယ်ကောင်လဲကွ ၊ ငါ့အိမ်ရှေ့မှာ စောစောစီးစီး ဟောင်နေတာ ” “ ဟေ့ကောင် ၊ အမူးမပြေသေးရင်လည်း နောက်မှ ဆက်မူးကွာ ၊ သတင်းထူးပါလာလို့ကွ ” သတင်းထူးဆိုလျှင် အမြဲတမ်း စပ်စုလိုသော ကျွန်ုပ်သည် ခြင်ထောင်ကြိုးကိုပင် မဖြုတ်သေးပဲ တံခါးကို အပြေးအလွှား ဖွင့်လိုက်သည်။ သည်ငနဲ သည်သတင်းကို မည်လောက်ပြောချင်နေသည်မသိ။ မျက်လုံးတွင် မျက်ချေးများ ကပ်နေသည်ကို ထောက်ဆသောအားဖြင့် မျက်နှာပင်သစ်လာဟန်မတူ။ “ ဘယ့်နဲ့လဲကွ ၊ မျက်နှာတောင်သစ်မလာဘူးဆိုတော့ ဒီသတင်းက တော်တော်ကို ထူးဆန်းနေလောက်တယ်” “ ထူးဆန်းဆို မောင်ရေ့ ရပ်ကွက်ထဲမှာတောင် နေမထွက်ခင် ပျံ့နေပြီ ” “ လာကွာ ၊ အိမ်ထဲရောက်မှ ပြောကြတာပေါ့ ” ကျွန်ုပ်သည် အလွန်တရာစိတ်ဝင်စားသောပုံစံကြောင့်လော မသိ။ သည်ငနဲက အိမ်ထဲဝင်ရန် တွင်တွင်ခါအောင် ငြင်းနေတော့သည်။ “ မင်းလို အသက်မပြည့်သေးတဲ့ လူမျိုးတစ်ယောက်အိမ်ကို ငါလို ယောက်ျားရင့်မာကြီးက ၀င်ဖို့သင့်တော်ပါ့မလားကွ ” “ ဟေ့ကောင် ဖိုးခွေးနီ ၊ ရည်းစားလေးတစ်ယောက်လောက်ရထားတယ်ဆိုပြီး သိပ်ပြီးမြင့်မနေနဲ့ ၊ ငါ့မှာ ရည်ရွယ်သူမရှိသေးတော့ လွပ်လပ်စွာ ရွေးချယ်ခွင့်ရှိသေးတယ် ” “ ငါလည်း အိမ်ထောင်မကျသေးပါဘူး ၊ ရွေးချယ်ခွင့့်” “ ရွေးချယ်ခွင့်တွေ ၊ ဘာတွေလုပ်မနေနဲ့ဖိုးခွေးရေ့ မင်းရဲ့ထိပ်ထားက ဒေါင်ကနဲ ဒေါင်ကနဲမြည်အောင် ခေါင်းခေါက်မှာတော့ မြင်မိသားပဲ ” “ ဟား ဟား ဟား ” နေတောင် ကောင်းကောင် မထွက်ချင်သေး ။ နံနက်စောစော တရားစာတွေရွတ်ဖတ်နေပါလားဟု ပတ်ဝန်းကျင်က ၀ိုင်းပြီး မေတ္ထာပို့မှာ ကြောက်သောကြောင့် ဟော င်ဖွာဟောင်ဖွာတော့ မပြောရဲပေ။ “ ကဲမိန်နွေ ။ မျက်နှာသစ်ပြီး သတင်းစာရှင်းလင်းပွဲသွားကြစို့ ” ဖိုးခွေးနီ၏ ဆော်သြသံကြောင့် ကတိုက်ကရိုက် မျက်နှာသစ်ကြတော့သည်။ ဤနေရာ၌ သတင်းစာရှင်းလင်းပွဲဟူသည် အခြားမဟုတ်။ နံနက်တိုင်း လမ်းထိပ်က ဦးကြာညို၏ လက်ဖက်ရည်ဆိုင်တွင် မိမိတွေ့သမျှ ၊ မြင်သမျှ သတင်းထူး ၊ အတင်းထူးတို့ကို မစားရ၀ခမန်းလိလိ အာပေါင်အာရင်းသန်သန် ပြောဆိုရာ နေရာပင် ဖြစ်တော့သည်။ Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx “ မင်းရဲ့ သတင်းထူးက ဘာလဲကွ ” ဦးကြာညို ကိုယ်တိုင်လာချပေးသော ကျစိမ့်ကို တစ်ကြိုက်လောက်မော့သောက်ရင်း ဖိုးခွေးနီအား မေးလိုက်ခြင်းဖြစ်သည်။ “ မနေ့ညက ကောင်မလေးသုံးယောက်နဲ့ ပက်သက်လို့ပေါ့ ” ကောင်မလေးသုံးယောက်ဆို၍ ကျွန်ုပ်မနေ့ညက အကြောင်းအရာကိုပင် တွေးမိလိုက်သည်။ ဟုတ်သည်။ မနေ့ညက ကျွန်ုပ် ဇင်ယော်စာအုပ်အငှားဆိုင်မှ ပြန်အလာ ခေတ်၏ရှေ့ မိုင်တစ်ရာနီးပါး ပြေးလွှားနေသော ကောင်မလေးသုံးယောက်ကို တွေ့မိပေသည်။ သူမတို့သည် ဖြူဖွေးနေသော မျက်နှာကို မျိုးစုံသော သနပ်ခါးတို့ဖြင့် လိမ်းခြယ်ထားသောကြောင့် အသက်ပါသောလူနှင့်ပင် မတူချင်တော့။ အရောင်တောက်လွန်းသော နှုတ်ခမ်းဆေးများဆိုးထားသောကြောင့် ကြွေရုပ်နှင့်ပင် တူနေတော့သည်။ ၀တ်ထားသည့် အ၀တ်အစားကိုလည်း ကြည့်စမ်းစေချင်ပါသေးသည်။ လုံချည်ဟူ၍လည်း မဟုတ်၊ ဘောင်းဘီလည်းမဟုတ်၊ စကက်ဟုလည်း မခေါ်သာ။ ကျွန်ုပ်မည်ကဲ့သို့ ခေါ်ရမည်ပင်မသိ။ အထက်အဆင်နှင့် အောက်အဆင် တစ်ဆက်တည်းဖြစ်သည်။ ယင်းအ၀တ်အစားသည် ဟိုက်လွန်းသော လည်လည်းရှိသည်။ အင်္ကျီ၏ ပခုံးအကိုင်းကား လက်တစ်လုံးသာသာမျှသာရှိသည်။ အောက်နားတွင်လည်း တကယ်ကိုဘုရားစူးပါစေရဲ့ ခါးမှ တိုင်းထွာလိုက်လျှင် လက်တစ်ထွာခန့်သာရှိသည်။ အကယ်၍ ဆိုင်တစ်ဆိုင်ဆိုင်ထဲတွင်ဝင်၍ တစ်ခုခုစားသောက်မည်ဆိုပါက မည်ကဲ့သို့ထိုင်မည်မသိ။ ယင်းအဆင်တွင် ခွမပါသည်ကတော့ သေချာပါသည်။ မှတ်ချက်။။။။။။ ဤကဲ့သို့ရေးသားခြင်းကြောင့် မိုက်ရိုင်း ၊ ယုတ်မာ ၊ညစ်ညမ်းသည်ဟု မထင်စေလိုပါ။ ယဉ်ကျေးမှုနှင့် လုံးဝဆန့်ကျင်နေသော မိန်းကလေးများကို နားကျဉ်းစေလို၍သာ ရေးသားရပါသည်။ မယုံမရှိနှင့် ငမှုန် ကိုယ်တွေ့ပင်။ ထိုမိန်းကလေးတို့သည် ပစ္စည်းတစ်ခု ကျန်နေသောကြောင့် သုံးလွှာတွင်ရှိသော သူမ၏ မောင်လေးကို အော်ဟစ်ကာ လှမ်းတောင်းနေခြင်းဖြစ်သည်။ သူမ၏မောင်လေးကား အသက် (၁၄ )နှစ် ၀န်းကျင် လူပျိုပေါက်စအရွယ်ပင်ရောက်နေပေပြီ ။ တကယ်ဆိုလျှင် မိမိတို့ ဆင်ယင်ထားသည့် ပေါလပေါပုံစံတို့ကြောင့် မိမိ၏ အစ်ကို၊မောင် တို့ကိုပင် ရှက်သင့်ပါသည်။ ယခု ။ မြန်မာနိုင်ငံတွင် ( ၆၀ )ရာခိုင်နှုန်းသော မိန်းကလေးတို့အတွက် လောကကြီးကို စောင့်ရှောက်သည့် လောကပါလတရား နှစ်ပါးမရှိတော့။ အစ်ကို၊မောင်တို့ကိုလည်း ရှက်ရကောင်းမှန်းမသိ။ မိဘကိုလည်း ရှက်ရကောင်းမှန်းမသိ။ ပတ်ဝန်းကျင်ကိုလည်း ရှက်ရကောင်းမှန်းမသိ။ အရှက်တရားလည်း မရှိတော့သလို အကြောက်တရားလည်း မရှိတော့ပြန်။ မှုခင်းစာစောင်တို့တွင် မုဒိမ်းမှုက ထိပ်ဆုံးမှ ဗိုလ်စွဲနေတုန်း။ ချန်ပီယံဘွဲ့ကို လက်မလွှတ်သေး။ ယခုလိုသာ ၀တ်ဆင်နေအုန်းမည်ဆိုလျှင် မြန်မာနိုင်ငံတွင် ရာစုနှစ်ပေါင်းများစွာ မုဒိမ်းမှုက ချန်ပီယံဖြစ်နေအုန်းမှာခန့်မှန်းစရာပင်မလိုချေ။ ဟိုတစ်နေ့က ကျွန်ုပ်သတင်းတစ်ပုဒ်ဖတ်လိုက်ရသည်။ ရုရှားလော ၊ အီတလီလော ။ မည်သည့်နိုင်ငံရယ်မသိ။ မိန်းကလေးများအတွက် မပေါ်သင့်တာတွေ ပေါ်အောင်ဝတ်လျှင် ထောင်ချအရေးယူမည့် ဥပဒေတစ်ရပ် ပြဌာန်းလိုက်သည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်လည်း ဤကဲ့သို့ ဥပဒေတစ်ရပ် ပြဌာန်းလိုက်လျှင် မည်လောက်ကောင်းမည်နည်း။ ယဉ်ကျေးမှုလည်း ထိမ်းသိမ်းပြီးရ၊ မှုခင်းလည်း လျှော့ချပြီးသားပင်။ ယခုမူကာ့း ယဉ်ကျေးမှုဟူသော စကားလုံးသည် ကျွန်ုပ်တို့မြန်မာလူမျိုးတို့အတွက် ပြတိုက်ထဲပင် ရောက်နေပြီလားမသိ။ ဘာသာရေးပွဲတော်တို့တွင်လည်း အတိုအထွာများဖြင့်သာ သွားလာနေကြသည်။ ၀မ်းနည်းဖွယ်ကောင်းလေစွ။ ယဉ်ကျေးမှုဆိုသည်မှာ “ သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံးတမ်း” ဟူ၍ အဘိဓာန်တွင် ဖွင့်ဆိုထားသည်။ ယင်း ယဉ်ကျေးမှုသည် လူမျိုးတစ်စု၊ နိုင်ငံတစ်နိုင်ငံ၏ အသက်သွေးကြောဖြစ်သည်။ မိမိတို့မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက်ကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှုရှိသည်။ စင်္ကာပူစသော နိုင်ငံတို့မှာကား ကိုယ်ပိုင်ယဉ်ကျေးမှုမရှိ၍ အခြားနိုင်ငံမှ ကူးလူးလာသော ယဉ်ကျေးမှုကိုသာ တန်ဖိုးထားနေကြရသည်။ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးမှုနောက်ကျနေပါသော်လည်း ဆင်းရသည့်နိုင်ငံဟူ၍ မဆိုသာ။ အဘယ့်ကြောင့်ဆိုသော် မိမိတို့သည် ကိုယ်ပိုင်လူမျိုးရှိသည်။ ကိုယ်ပိုင်မြေ ၊ ကိုယ်ပိုင်သယံဇာတ နှင့် ကိုယ်ပိုင်ယဉ်ကျေးမှုများရှိသည်။ ကိုယ်ပိုင်စာပေနှင့် ကိုယ်ပိုင်ကိုးကွယ်မှုတရားစသည်တို့လည်း ရှိသည်။ ယခုအခါ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုဆိုသည့် စကားစုကို စာလုံးပေါင်းရန်ပင်မေ့နေပြီတကား။ အချို့သော မိန်းကလေးတို့သည် ကိုယ်ပိုင်ယဉ်ကျေးမှုဖြစ်သည့် ၀တ်စားဆင်ယင်မှုကို ( Dateout ) တယ်လို့များ ထင်နေလားမသိ။ ကိုယ့်ယဉ်ကျေးမှုနှင့် လုံးဝဖီလာဆန့်ကျင်သော အခြားနိုင်ငံမှ ယဉ်ကျေးမှုတို့ကို ခေါင်းပေါ်တင်၍ ကိုးကွယ်နေသည်မှာ အော့အန်ချင်စရာပင်ကောင်းလှပါတော့သည်။ မိမိတို့ ယဉ်ကျေးမှုကို မစောင့်ရှောက် ၊ တိုင်းတစ်ပါးယဉ်ကျေးမှုကို ခင်မင်တွယ်တာနေခြင်းသည် ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်နိုင်ငံကို မြောင်းထဲပစ်ချကာ လက်စဖျောက်သည်နှင့် တူလှပါသည်။ အဘယ့်ကြောင့် ဆိုသော့်ယဉ်ကျေးမှုပျောက်ကွယ်လျှင် လူမျိုးပါ ပျောက်မည်ဟု ရှေးလူကြီးသူမများက ပြောဆို ဆုံးမထားသောကြောင့်ပင်။ အချုပ်တန်းဆရာဖေက “ မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းလည်း ပျောက်ခဲ့ပြီ”ဟု ဆိုထားခဲ့သည်။ ယဉ်ကျေးမှုသည် စည်းကမ်းဖြင့် မထုတ်ပြန်ထားသော်လည်း ယဉ်ကျေးမှုကိုတော့ မဖောက်ပြားသင့်။ ယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်စု၏ ဂုဏ်သိက္ခာ၊ အဆင့်အတန်းဖြစ်သည်။ အနောက်နိုင်ငံမှ ၀င်ရောက်လာသော ဆန့်ကျင်ဘက်ယဉ်ကျေးမှုကို မခုမခံ၊ မကာကွယ်ပဲ ကိုယ့်ယဉ်ကျေးမှုကို မေ့လျော့ထားပါက ဂုဏ်သိက္ခာများစွာ ကျဆင်း၍ ၊ အဆင့်အတန်းလည်း လုံးဝရှိတော့မည်မဟုတ်။ ကိုယ့်အဘိုး၊ကိုယ့်အဘွား။ ကိုယ့်လူမျိုး ၊ ကိုယ့်နိုင်ငံ၏ ယဉ်ကျေးမှုကို မဏ္ဍပ်တိုင်တတ်၍ မမြင့်မားနိုင်သော်လည်း ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ မိမိတို့တာဝန်သာလျှင်ဖြစ်တော့သည်။ ယခုခေတ်လူသားတို့သည် ကိလေသာမကုန်သေး၍ ပုထုဇဉ်ပုဂ္ဂိုလ်မျှသာဖြစ်သေးသည်။ ပုထုဇဉ်ဆိုသော်လည်း အချို့အချို့သော ပုဂ္ဂိုလ်တို့သည် အန္ဓပုထုဇဉ်သာ။ အန္ဓပုထုဇဉ်သည် ရိုးရိုးပုထုဇဉ်ထက် လောဘကြီးသည်။ ဒေါသကြီးသည်။ မောဟကြီးသည် ။ ကိလေသာရာဂ လွန်စွာမှကြီးလှသည်။ စစ်ပြီးခေတ်မှစ၍ အနောက်နိုင်ငံမှယဉ်ကျေးမှုတို့ ကျယ်ကျယ်ပြန့်ပြန့်မကူးစက်ခင်ကတည်းက မြန်မာနိုင်ငံသည်။ ကာမဘီလူးတို့၏ သောင်းကျန်းမှုတို့က လွန်ကဲနေသည်။ ယခုခေတ်ကဲ့သို့ အထက်မလုံ ၊ အောက်မလုံများ ပေါများလာသောအခါ ကာမဘီလူးတို့သည် သွားရည်တမျှားမျှားနှင့် မည်မျှ ပျော်ရွှင်နေကြမည် မသိချေ။ “ ဟိတ်ကောင် ” “ ဟိတ့့်မိန်နွေ ” “ အ့အမ် ” ဖိုးခွေးနီက ကျွန်ုပ်၏ လက်ကို တွန်းလှုပ်ကာ အော်ခေါ်လိုက်သောကြောင့် ကျွန်ုပ်၏ အတွေးတို့သည် လမ်းမကြီးပေါ်မှ လိုင်းကားကဲ့သို့ ပြေးထွက်သွားလေတော့သည်။ “ မင်းကလည်း လန့်လိုက်တာ ၊ တိုးတိုးခေါ်လည်းရပါတယ်ကွ” “ရပါတယ်လုပ်မနေနဲ့ ၊ငါက ဘာမှမပြောရသေးဘူး။ မင်းပုံစံက လူသေအတိုင်းပဲ ။ မလှုပ်မယှက်နဲ့ ” “ အော့် မင်းပြောတဲ့ ကောင်မလေးသုံးယောက်နဲ့စပ်ပြီး တွေးကြည့်နေတာပါကွာ ” “လုပ်မနေနဲ့ မောင်ရင် ၊ မနေ့ညက မင်းကြည့်နေတဲ့ပုံဆိုရင် မဟုတ်တာတွေ တွေးနေတာမို့လား ။ တွေးလည်း အလကားဖြစ်သွားပြီ ၊ အဲဒီထဲက ကောင်မလေးတစ်ယောက်အသတ်ခံရလို့ကွ” “ ဟမ်” “ ဟမ်မနေနဲ့ ၊ အသတ်ခံရတာတောင် ရိုးရိုးမဟုတ်ဘူး ၊ ကာမဂုဏ်ပါ လှူလိုက်ရသေးတယ်” ဖိုးခွေးနီ၏စကားကြောင့် ကျွန်ုပ်များစွာ အံ့သြသွားလေသည်။ ပြီးနောက် ယင်းကဲ့သို့ မိန်းကလေးများ အများအပြားရှိနေခဲ့လျှင် မြန်မာနိုင်ငံ၏ အနာဂါတ်ကို စိတ်လေးမိပြန်သည်။ “ ငနွေ ၊ ငြိမ်လှချည်လားကွ ၊ အရင်လိုလဲ မစပ်စုတော့ပလား ၊ အေ့း့ဒီထက်ပိုပြီး အံ့သြစရာရှိသေးတယ်” “ဟုတ်လား ” “ လူကိုသတ် ၊အသားကိုစားတဲ့ ကာမဘီလူးက ကောင်မလေးရဲ့မောင်နှစ်ဝမ်းကွဲတော်စပ်သတဲ့ကွ ” “အို့” သည်တစ်ကြိမ်ကြားသံက မကြားဝံ့မနာသာ။ ကျွန်ုပ်တွေးကြည့်မိသည်။ ဟုတ်လည်း ဟုတ်ပါသည်။ မိုင်ကုန်အောင် ချယ်သခြင်း ၊ ၀တ်စားဆင်ယင်ခြင်းတို့ကြောင့် သူစိမ်းဘီလူးပါမက ၊ ဆွေမျိုးဘီလူးကပါ ၀င်ရောက် သွားခြင်း ဖြစ်ပါလိမ့်မည်။ ယင်းကာ့း့မည်သူ၏ အပြစ်ဖြစ်ပါသနည်း။ လွန်ကျူးခံရသည့် ကာယကံရှင်လေ။ လွန်ကျူးသူလော။ သို့မဟုတ် ။ မသွန်သင် ၊မဆုံးမသည့် မိဘတို့၏ တာဝန်လော။ မည်သို့ပဲဖြစ်ဖြစ် သည်ပြဿနာသည် မြန်မာ့ယဉ်ကျေးမှုကို ပစ်ပယ်ပြိး အနောက်တိုင်း ယဉ်ကျေးမှုကို ကျင့်သုံးခြင်းကြောင့်ဖြစ်ကြောင်း ကျွန်ုပ် ရဲရဲဝင့်ဝင့် ယုံကြည်မိပါသည်။ 

မိန်နွေ

0 comments:

Post a Comment