This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, January 28, 2013

♥♥♥粥‼သစ်ရွက်ကပေးသောအရိပ်‼粥♥♥♥



♥♥♥‼သစ်ရွက်ကပေးသောအရိပ်‼♥♥♥
`` ကိုနွေ၊ ဘယ်လိုလုပ်ကြမလဲ။ ရပ်ကွက်ထဲမှာလည်း ဒီအကြောင်းတွေချည်း ပြောနေကြတယ်´´
`` ဘယ်လိုမှ လုပ်မနေနဲ့ ။ ငါ့ဘ၀ထဲမှာကော ဟောဒီမိသားစုထဲမှာကော မေသူဆိုတာ လုံးဝမရှိတော့ဘူး။ မင်းတို့လည်း သူ့အကြောင်းကို မပြောနဲ့ ။ ငါမကြားချင်ဘူး ´´
ကျွန်ုပ်၏ ဒေါသပါသောစကားတို့ကြောင့် ထွေးခင်နှင့် သားသမီး( ၄) ယောက်တို့က ကျွန်ုပ်ကို ကြောင်အမ်းအမ်းကြည့်နေကြသည်။ မှန်သည်။ ကျွန်ုပ်မှာ သားတစ်ယောက်နှင့် သမီးသုံးယောက်ရှိသည်။အကြီးမသူဇာကိုတော့ အိမ်၏ စားဝတ်နေရေးအခက်ခဲကြောင့် ( ၁၀) တန်းအရောက်မှာပင် ကျောင်းထွက်ခိုင်းလိုက်ရသည်။ အငယ်မ ပုံ့ပုံ့က ယခု ဆယ်တန်းကိုတက်ရောက်နေသလို အငယ်ဆုံးသားလေးကပင် ရှစ်တန်းရောက်နေချေပြီ။ ခက်သည်က အလတ်မ မေသူပင်။ ကျွန်ုပ်က နှလုံးရောဂါအခံရှိသောကြောင့် အရင်လို ဆိုက်ကား မနင်းနိုင်တော့ ။ သူတို့လေးတွေကို အကြီးမနှင့် ထွေးခင်က ရပ်ကွက်တကာလှည့်လည်ပြီး ခေါင်းရွက်ဈေးရောင်း၍ ကျောင်းထားပေးနေရသည်။ အလတ်မ မေသူက အကြီးမ၏ အနစ်နာခံမှုကိုမှ အားမနာ၊ မိခင်၏ ပင်ပန်းခြင်းမှ အားမနာ၊ ကျောင်းပင်မပြီးသေးပဲ ဒုတိယနှစ်မှာပင် ယောက်ျားနောက် တကောက်ကောက်ပါအောင်လိုက်သွားသည်။ မိမိနှင့် ရွယ်တူနောက်လိုက်သည်ဆိုလျှင် နည်းနည်းဖြေသာသေးသည်။ ယခု ယင်းသို့မဟုတ်။ အသက်ငါးဆယ်နီးပါး မယားရှိသည့် လင်နောက်မှလိုက်ရသည်လို့ ။ ။
            ယင်းသတင်းကို ကြားကြားခြင်း ကျွန်ုပ်ရှက်လည်းရှက်မိသည်။  ဒေါသဖြစ်လွန်း၍ နှလုံးရောဂါ အခံကြောင့် မေ့တောင်မေ့မြောခဲ့သည်။ ရပ်ကွက်ထဲကလည်း အလတ်မကို ပိုင်းလုံးမ၊ ပစ္စည်းမက်မ ဟု အမျိုးမျိုးပြောဆိုဝေဖန်ကြသည်။  ယင်းထဲတွင် မိဘဖြစ်သည့် ကျွန်ုပ်တို့ကပဲ ယောက်ျားနောက် မလိုက် လိုက်အောင် လုပ်နေသလိုမျိုး။ ဟိုတစ်နေ့က စိတ်ညစ်ညစ်နှင့် တစ်ခါမှ မရောက်ဖူးသည့် အရက်ဆိုင်ထဲဝင်ထိုင်မိရာ ဆိုင်ထဲတွင်လည်း ယောက်ျားတန်မဲ့ အတင်းတုတ်နေသည်ကို ကြားခဲ့ရသေးသည်။ အရက်သမားများ ပြောဆိုသော အတင်းကား တခြားသူ၏ အကြောင်းမဟုတ်။ ကျွန်ုပ်တို့ မိသားစုအကြောင်းများဖြစ်နေသည်။ ၄င်းတို့အထဲတွင် ဟိုတစ်ချိန်က ဘာအကူညီပဲလိုလို ကျွန်ုပ်ဆီသို့ ရောက်ရောက်လာတတ်သော ညီဝမ်းကွဲ မင်းလွင်၏ စကားတို့သည် ကျွန်ုပ်၏ ဂုဏ်သိက္ခာပါမက ၊ ကျွန်ုပ်၏ ရင်ဝကို ခြေဖနောင့်ဖြင့် စောင့်၍ ကန်လိုက်သည့်နှယ် ။
            `` ဟေ့ကောင်မင်းလွင် ၊မင်းအစ်ကိုတော့ အရက်ဆိုင်ကို မရောက်စဖူး အရောက်ထူးလှချည်လား။ သေချာတာကတော့ ပွပေါက်တိုးနေပြီနဲ့တူတယ်´´
            `` ဒါပေါ့ ကိုလေးသာမောင်ရာ ၊ သူ့သမီးက သူဌေးတစ်ယောက်ရဲ့ ခြေတော်တင်ဖြစ်နေတယ်လေ။ သမက်က အသက်ကြီးနေတော့ ယောက္ခမက သမက်ကိုပြန်ပြီး ရှိခိုးနေရတယ်ဗျ ၊ ဟား ဟား ဟား ´´
            ဒီကောင်မင်းလွင်၏ စကားများကို ကြားလျှင် အလတ်မမေသူကို ရိုက်သတ်ပစ်ချင်စိတ်တွေဖြစ်လာသည်။ မိဘမျက်နှာနှင့် မိသားစုမျက်နှာမှမထောက် ။ သူလုပ်ချင်ရာပဲ လုပ်သွားသည်။
            ခုတော့ ဘာမှ မဆိုင်သည့် ကျန်ရစ်တဲ့ သားသမီးတွေပေါ်ကျွန်ုပ်၏ဒေါသတို့ရောက်ကုန်သည်။ သို့သော်လည်း မတတ်နိုင်ချေ။ ရှေ့ကသွားသည့်သူနောက်ကို မလိုက်အောင်တော့ တားဆီးရပေမည်။
                     ++++++++++++++++++++++++++++++++++++++
            ``ဟင်း´´
ဖက်လက်စဂျာနယ်ကို ဘေးသို့ချရင်း သက်ပြင်းကို ခပ်ရှည်ရှည်ချလိုက်သည်။ မိမိ၏ဘ၀သည် မိုးရွာလို့ဒုက္ခရောက်နေပါတယ်ဆိုမှ နောက်က ခွေးလိုက်ဆွဲခံရသည့် ဘ၀မျိုး။ မနေ့က မိုးမိသောကြောင့် အကြီးမက အဖျားတက်နေသည်။ ထွေးခင်ကလည်း မနက်စောစောထပြီး ထမင်းအိုးတည်ရင်း သံစူးလို့ ခြေထောက်ဖူးဖူးရောင်နေသည်။ အငယ်မနှင့် အငယ်ကောင်က ကျောင်းသားများမို့ ဘာမှ အသုံးမကျ။ မိမိကလည်း ရောဂါသည်မို့ ၀င်ငွေရမည့် အလုပ်မျိုးကို မလုပ်ကိုင်နိုင်။ ၀င်ငွေမရှိကြပေမယ့် ထွေးခင်တော်လို့မို့ ထမင်းစားနေရသည်။ ငွေဘယ်ကရလာတာလဲလို့ မေးတိုင်း စုဆောင်းထားတာပေါ့တော် လို့ အမြဲပြောနေကြ။ ထွေးခင်ကို ကျေးဇူးတင်မိသည်။ ထိုစဉ်----
            `` အငယ်မ ဘယ်ကပြန်လာတာလဲ ´´
``ဟိုဘက်အိမ်ကပါ ´´
ညဥ့်(၉)နာရီ ထိုးနေသည်။ အငယ်မက ဟိုဘက်အိမ်ကို ဘာလုပ်သွားတာပါလိမ့်။ မိမိဝေခွဲ၍မရ။ ထို့ကြောင့် ထွေးခင်နှင့် အငယ်မတို့ပြောနေသည်ကိုသာ နားထောင်နေမိသည်။
            `` ဒီအချိန်ရောက်မှ ပြန်လာရတယ်လို့၊ ဘာသွားလုပ်တာလဲ ´´
``အမေကလဲ ၊ စာသွားကျက်တာပါ ´´
``အမလေးတော် ။ အမေကလည်း အမေကလည်းနဲ့ စာသွားကျက်တာ စာအုပ်လည်းမပါ ပါလား။ လာစမ်းဒီကို ´´
`` အိပ်ချင်ပြီ အမေရ ´´
`` ဒီကို လာစမ်းလို့ ပြောနေတယ်။ အငယ်မနော် ၊ ငါ  လုပ်လိုက်ရ ´´
ထွေးခင်ပြောသည့်စကားကြောင့် မိမိစိတ်ဝင်စားသွားသည်။ ထို့ကြောင့် လိုက်ကာ အကွယ်မှ ချောင်းကြည့်ရာ---
            `` အငယ်မ ၊ နင့်မျက်နှာ ဒဏ်ရာတွေနဲ့ပါလား ။ ဘာဖြစ်လာတာလဲ ´´
``ဘာမှ မဖြစ်ပါဘူး အမေရယ် ´´
`` ဘာ ဘာမှ မဖြစ်ရမှာလဲ။ ကြည့်စမ်း။ နင့်ကို ဘယ်သူလုပ်လိုက်တာလဲ ။ငါ့ကိုမှန်မှန်ပြောစမ်း ´´
အဝေးကကြည့်ရာတွင်ပင် အငယ်မမျက်နှာ ရောင်ရမ်းနေသည်ကိုတွေ့မြင်နေရသည်။ ထွေးခင်၏ အော်ငေါက်သံကြောင့် အငယ်မခမျာ မျက်ရည်စီးကျနေသည်။ စီးကျသော မျက်ရည်ကို လက်ဖ၀ါးဖြင့် ခပ်ကြမ်းကြမ်းသုတ်ရင်း ပင့်ရှိုက်သံများပါ တစ်ချက်တစ်ချက်ထွက်ပေါ်လာသည်။ အငယ်မ၏ ဟန်မူရာက ထွေးခင်ကို မျက်နှာချင်းဆိုင်ရန်ပင် ခွန်အားရှိဟန်မတူ။ တစ်ဖက်သို့လှည့်ထိုင်ရင်း အသားများပါ တစ်ဆတ်ဆတ်တုန်နေသည်။
            ``ငါမေးတာဖြေလေ။ ဘယ်သူက လုပ်လိုက်တာလဲလို့ ´´
ထွေးခင်ဒေါသထွက်သည်ကို ယခုမှ မြက်ဝါးထင်ထင် တွေ့မြင်ဖူးသည်။ မျက်နှာပြင်က နီရဲတက်လာကာ အံကိုပါ ခပ်တင်းတင်းကြိတ်ထားသည်။ စူးရှသော မျက်လုံးတစ်စုံက အငယ်မကို ၀ါးမြိုတော့မည့် သဏ္ဍာန် ။ အငယ်မ၏ မတုန်မလှုပ်ပုံစံကိုမြင်တော့ ကျွန်ုပ်ပါ ဒေါသထွက်လာသည်။ အငယ်မကို မေးရန် လိုက်ကာကို ဖယ်ပြိး အခန်းပြင်သို့ထွက်မည်အပြု--
            ``သမီးရိုက်လိုက်တာအမေ ´´
စကားသံနှင့်အတူ တံခါးပေါက်မှ အလတ်မမေသူ တစ်လှမ်းခြင်းလျှောက်လာသည်။ ထွေးခင်၏မျက်နှာက အံသြဟန်မပြပေမယ့် အကြီးမသူဇာကတော့ အခန်းတွင်းမှ ၀ုန်းဒိုင်းကြဲလျှက် ထွက်လာသည်။ အလတ်မကိုမြင်သည်နှင့် မိမိ၏ ဒေါသတို့သည် အထွဋ်ထိတ်သို့ မည်သို့မည်ပုံရောက်သွားသည် မသိ။ သို့သော် အငယ်မ၏ ပြဿနာကို သိလို၍ လိုက်ကာအကွယ်ကပဲ ချောင်းကြည့်နေမိသည်။
            `` အမေ၊ အဖေနေကောင်းလား ဟင် ´´
မေသူက သိလိုဇောဖြင့် ထွေးခင်ကိုမေးသည်။ သူမ၏မျက်နှာက စိုးရိမ်မကင်းဟန်။ ကျွန်ုပ်၏ ကျန်းမာရေးအကြောင်းကိုမေးတော့ ပို၍ ဒေါသထွက်လာသည်။ မိမိတို့ တစ်မိသားစုလုံးကို သူများတကာ၏ တံတွေးခွက်တွင် လွင့်မြောစေပြီးမှ နောက်ထပ် ဖခင်ဖြစ်သည့် ကျွန်ုပ်၏ အသက်ကို သေစေချင်၍လားမသိ။
            `` တော်စမ်းပါ မေသူရာ ။ ခုမှ ညာတာပါတေးတွေလုပ်မနေပါနဲ့ ´´
`` အကြီးမ ၊ ငါ နင့်ကိုမေးတာမဟုတ်ဘူး ´´
`` ဘယ်သူ့မေးမေးပေါ့ ၊ ငါ့အဖေအကြောင်းကို လာမမေးနဲ့ ။ ငါတို့မိသားစုနဲ့ နင်နဲ့ လုံးဝမပတ်သက်စရာအကြောင်းမရှိဘူး။ သွား-- ငါတို့အိမ်က ခုထွက်သွား ´´
`` အကြီးမ ၊ နင် --နင် ဘာလို့ ငါ့အပေါ်နာကျည်းနေတာလဲဟာ ၊ ငါ ဘာလုပ်မိလို့လဲ ´´
မေသူက ပြောရင်းမျက်ရည်တွေစီးကျနေသည်။
``ဘာလုပ်မိလို့လဲ ဟုတ်လား။ နင်ယောက်ျားနောက်လိုက်သွာလို့ ရပ်ကွက်ထဲက ငါတို့မိသားစုကို ဘယ်လိုပြောကြလဲ နင်သိလား။ ပြီးတော့ အဖေ ။ အဖေလည်း နင့်ကြောင့် ရောဂါက တဖြည်းဖြည်းဆိုးဝါးလာတယ်´´
``တော်ကြပါတော့ ၊ ညီးတို့က ငါ့ကို ၀ိုင်းပြီးသတ်နေကြတာလား ဟင် ။ အကြီးမ သွား အိပ်တော့ ´´
ထွေးခင်က အော်ပြီးပြောသော်လည်း အကြီးမနှင့် မေသူကတော့ မကြားသည့်အလား။ မိမိမှာ သူတို့ကိုကြည့်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။
`` မတော်နိုင်ဘူးအမေ ၊ ပြောစရာရှိတာတော့ ကုန်အောင်ပြောရမှာပဲ ´´
``တော်စမ်းအကြီးမ။ နင်ဘာသိလို့လဲ။ ငါ့သမီးက နင်တို့ထင်သလိုမဟုတ်ဘူး ´´
ထွေးခင်ကပါ ပြောရင်းရှိုက်သံများပါ ပါလာသည်။
``ထားလိုက်ပါအမေရယ်။ ( ဟင့် ) ရှင်းပြမနေပါနဲ့တော့ ။ သူတို့ ထင်ချင်သလိုသာထင်ကြပါတော့ ။(ဟင့် ) ဟုတ်တယ်မမ။ နင်ထင်သလိုပဲ။ အဖေထင်သလိုပဲ။ နင်တို့ကျေးဇူးတွေကိုပစ်ပြီး ငါလိုချင်တဲ့ ယောက်ျားနောက်ကိုလိုက်သွားတာပဲ။ ဒီအိမ်က ဆင်းရဲတဲ့ဒဏ်ကို ငါမခံနိုင်ဘူး။ ကျောင်းက သူငယ်ချင်းတွေကြားထဲမှာ ဘယ်လောက်အားငယ်ရလဲသိလား။ ကျောင်းဆင်းချိန်တောင်မှ မုန့်ဆင်းမစားနိုင်တဲ့ဘ၀။ ဒီဘ၀ကိုကြောက်လို့ ငါယောက်ျားယူလိုက်တာ။ နင်တို့ထင်သလိုပဲ ။နင်တို့ထင်သလိုပဲ ။ ဟင့်  ဟင့် ´´
အလတ်မ၏ ရှိုက်သံကကျယ်လာသည်။ ထွေးခင်က ငိုရင်းအလတ်မကို ဖက်ထားသည်။ အကြီးမကတော့ ဒေါသတွေထိုးထိုးထောင်လျှက်။ သူတို့ကို ကြည့်ရင်း မိမိရင်တွင်စို့နင့်သွားသည်။ သူတို့ဘာတွေဖြစ်နေကြတာလဲ ။
            ``မဟုတ်တာတွေလျှောက်မပြောပါနဲ့ သမီးရယ်။ ဟင့် ။ အမေ-- အမေရင်နာလွန်းလို့ပါ။ ဟင့် တကယ်တော့ အမေ အသုံးမကျလို့ပါ ။ အမေ့အပြစ်တွေပါ။ ဟင့် ´´
ထွေးခင်က တစ်ချက်မျှ ပင့်ရှိုက်လိုက်ပြီး အကြီးမနှင့် အငယ်မဘက်သို့ လှည့်လိုက်သည်။
            ``ဒီမှာ အကြီးမ။ နင်တို့သိအောင် ငါပြောပြမယ်၊ ဒီအိမ်မှာ ၀င်ငွေရအောင်လုပ်နိုင်တာဆိုလို့ ညီးရယ်၊ ငါရယ်ပဲရှိတာ။ ညီးလည်းသိတယ် မဟုတ်လား။ တစ်နေကုန်ဈေးရောင်းမှ တစ်နေ့အတွက် စားစရာရဖို့က အနိုင်နိုင်။ ပြီးတော့ ကျောင်းတက်နေတဲ့ကလေးတွေရှိတယ်။ သူတို့ကို ဘယ်လိုထောက်ပံ့မလဲ။ စာအုပ်ဖိုး ။ ခဲတံဖိုး။ကျောင်းမုန့်ဖိုး ။ပြီးတော့ နင့်အဖေ---´´
ဟင် ထွေးခင်ဘာတွေပြောနေပါလိမ့်။ ငါ -- ငါတာဝန်မကျေတဲ့အကြောင်းတွေကို ပြောနေတာလား။ ထွေးခင်ပြောသည့် စကားများကို နားထောင်ရင်း မိမိမျက်ရည်များပင် စို့နင့်လာသည်။ ထွေးခင်ကလည်း ပြောရင်း မျက်ရည်တွေစီးဆင်းလာသည်။ တစ်ချက်တစ်ချက် အသံပင်မပီပြင်တော့။ ၀မ်းနည်းသံ။ အက်ကွဲသံတို့က နေရာယူလို့ ၊။
            `` နင်တို့အဖေ ရောဂါကုဖို့ ငါဘာလုပ်ခဲ့လဲ သိလား။ ( ဟင့် )ဟောဒီ အိမ်နဲ့ဝိုင်းကို ပေါင်ပြီး နင့်အဖေကို ဆေးကုခဲ့တယ် ´´
ဟာ  ဒီ ဒီအကြောင်းတွေငါမသိပါလား ။ ငါ့အတွက် အိမ်နဲ့ဝိုင်းကို ပေါင်ရတယ်လို့။ တော် --တော်ပါတော့ထွေးခင်ရယ်။ ဆက်ပြီးမပြောပါနဲ့တော့။ နင်ဆက်ပြောရင် ငါ့သမီးအကြောင်းတွေ ကြားရတော့မယ်။ ငါက ဇနီးနဲ့ သားသမီးအပေါ် တာဝန်မကျေတဲ့ အပြင် ကိုယ့်ကိုယ်ကိုယ်ပါ ရိုက်ချိုးနေပါလား။ ကျွန်ုပ်မှာ ထွေးခင်ပြောစကားများကို နားထောင်ရင်း မျက်ရည် မိုးတွေ ပြိုဆင်းလာကုန်သည်။
            `` အိမ်ရွေးဖို့ ရက်ပြည့်ခဲ့ပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘ၀မှာ ဘယ်လိုလုပ် ရွေးနိုင်မှာလဲ။ ဒီအကြောင်းတွေကို ငါကလွဲလို့ နင်တို့အဖေတောင် မသိခဲ့ဘူး။ အိမ်နဲ့ဝိုင်းနဲ့ပေါင်တာလည်း လက်သင့်မခံမှာဆိုးလို့ ငါ ပြော မပြခဲ့ဘူး။ နောက်တော့ ငါ ပေါင်လိုက်တဲ့ ကိုစိုးဆိုတဲ့လူက အိမ်နဲ့ဝိုင်း မရွေးနိုင်တာကို အကြောင်းပြပြီး ငါ့သမီးလေး အလတ်မကို မျက်စောင်းထိုးနေခဲ့တယ် ´´
တော်ပါတော့ထွေးခင်ရယ်။ နင်ဆက်ပြောမယ့်အကြောင်းတွေက ငါ့နှလုံးသားကို ဓားနဲ့မွှန်းနေသလိုပဲ။ ငါ ငါမင်းတို့အပေါ်တာဝန်မကျေခဲ့ဘူး။ ငါ့ သမီးလေး ငါ့သမီးလေးကို မကာကွယ်နိုင်ခဲ့ဘူး။ ငါက ညံ့ဖျင်းတဲ့ ယောက်ျားတစ်ယောက်ပါထွေးခင်ရယ်။
ထွေးခင်ကပြောရင်း အလတ်မကို ပွေ့ဖက်ထားသည်။ အလတ်မ၏ ပါးပြင်ပေါ်တွင် မျက်ရည်များ တလိမ့်လိမ့်စီးဆင်းနေသည်။ အကြီးမနှင့် အငယ်မကတော့ အလှုပ်မယှက်နှင့်။ ထွေးခင်ကိုကြည့်ရင်း မျက်ရည်များစို့တက်နေသည်။
            `` သမီးကိုတော့ မပေးနိုင်ဘူး။ ငါကိုယ်တိုင် ထောင်ထဲဝင်မယ်ဆိုတဲ့ သဘောနဲ့ ကိုစိုးဆိုတဲ့လူကို သတ်ဖို့ကြိုးစားနေတဲ့အချိန်မှာ ငါ့သမီးက အကြောင်းစုံသိသွားခဲ့တယ်။ ပြီးတော့ ပြိးတော့ ( ဟင့် ) သမီးလေးက ငါ့ကို ဖျောင်းဖျပြီး သူနဲ့လက်ထပ်မယ့်အကြောင်းပြောခဲ့တယ်။ သူ့ အဖေအတွက်ဆို ဘာမဆိုလုပ်မယ်ဆိုပြီး သူ့ထက် အသက်အများကြီး ကြီးတဲ့အဲဒီလူကြီးကို ကျေကျေနပ်နပ်နဲ့ သဘောတူခဲ့တယ် ´´
            `` ဒီအကြောင်းတွေကို ဘယ်သူ့မှ မပြောပါနဲ့ဆိုလို့ နင့်အဖေကိုတောင် ပြော မပြခဲ့ဘူး။ ငါ့သမီးလေးက သူ့ဘာသာ အမိုက်ခံပြီး သူ့အဖေအတွက် ။နင်တို့အတွက် သူ့ဘ၀ကို စတေးခဲ့တယ် ´´
            `` တော်ပါတော့ အမေရယ်။ ဆက်ပြီးမပြောပါနဲ့တော့ ။ အီး ဟီး ´´
            `` နင်တို့လမ်းဘေးမရောက်အောင် ဘယ်သူလုပ်ပေးခဲ့လည်းသိလား။ နင်တို့အဖေ အသက်မသေအောင် ဆေးရုံတက်ဖို့ ဘယ်သူငွေပေးတာလဲ နင်သိလား။ အငယ်မနဲ့ အငယ်ကောင် ကျောင်းဆက်တက်နိုင်အောင် ဘယ်သူထောက်ပံ့ခဲ့လည်း နင်တို့သိရဲ့လား ´´
            `` အခုကြည့်စမ်း ။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘ၀က ညီးနဲ့ငါ အလုပ်မလုပ်ပဲနဲ့ ဘာလို့ ထမင်းစားနေရာတာလဲ နင်သိလား။ အဲဒါတွေအကုန်လုံးကို ငါ့သမီးက သူမချစ်တဲ့အဘိုးကြီးတစ်ယောက်ဆီကို ဘ၀ကိုဆုံးရှုံးခံပြီးမှ ရလာခဲ့တာ။ ငါ့ သမီးကပဲ အကုန်လုပ်ပေးခဲ့တာ။ နင့်အဖေက ငါ့ကိုမေးတယ် ငွေဘယ်ကရတာလဲတဲ့။ နင်တို့စားနေရတဲ့ ထမင်းတွေက ငါစုထားတဲ့ ငွေမဟုတ်ဘူး။ ငါ့သမီးလေးဘ၀တွေ ´´
ဆက်ပြီးမပြောပါနဲ့ထွေးခင်ရယ်။ ငါ  ငါမှားပါတယ်။ ငါ့အတွက် ဘ၀ကိုဆုံးရှုံးခံတဲ့သမီးလေးကို ငါ အထင်မှားခဲ့တယ်။ ငါ တောင်းပန်ပါတယ်။ ငါ လူ့လောကထဲမှာ ဘာမှ အသုံးမကျတဲ့လူတစ်ယောက်ပါထွေးခင်ရယ်။ ကိုယ့်မိသားစုအကြောင်းကိုတောင် မသိတဲ့ လူဖျင်းပါ။
ထွေးခင်ပြောသည့်စကားများကို ကျွန်ုပ်နားထောင်ဖို့အင်အားမရှိတော့ ။ ယောက်ျားတန်မဲ့ မျက်ရည်ကျနေပေမယ့် ယခုတော့ မရှက်အားနိုင်။ လိုက်ကာကိုဖယ်ပြီး---
            `` သမီး ´´
            `` ဖေဖေ ´´
            `` အဖေတောင်းပန်ပါတယ်သမီးရယ်။ အဖေ သမီးလေးကို အထင်လွဲခဲ့တယ်။ အဖေ့ကို ခွင့်လွတ်ပါ။ အဖေ့ကို ခွင့်လွတ်ပေးပါသမီးလေးရယ် ´´
            `` မဟုတ်တာအဖေရယ်။ သမီးက အဖေ့သမီးပါ။ အဖေ့ကိုသမီးချစ်တယ်။ တစ်အိမ်လုံးကို ချစ်တယ်´´
သမီးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ရင်း မျက်ရည်များကို ချွေချနေမိသည်။ ထွေးခင်။ အကြီးမ။ အငယ်မတို့၏ မျက်နှာတွင်လည်း မျက်ရည်တွေရွဲလို့။ ဒီတစ်ခါရွဲသည့်မျက်ရည်က အပျော်တွေ တပြုံကြီးပါဝင်လိမ့်မည်ဟု ထင်မိသည်။


လေးစားစွာဖြင့်
‼$♥♥♥မိန်နွေ♥♥♥$‼
8/7/2012