အဟုတ်ကြီးလား---တဲ့
တံတားအောက်က စီးဝင်သွားတဲ့ရေသံလိုပဲ
နီဆွေးဆွေးနှလုံးသားမှာ ပုံလဲကျသွားတာများ
နောက်တစ်ကြိမ်ပြန်ထဖို့ အင်အားတွေမရှိတော့ဘူး။
အဟုတ်ကြီးလား---တဲ့
ငါကိုယ်တိုင်မဦးညွှတ်ဖို့ထိန်းချုပ်ထားပေမယ့်
ငါ့ချစ်ခြင်းသက်တန့်တွေက
ဘယ်ချိန်ကတည်းက ၀ပ်ဆင်းနေမှန်းမသိဘူး။
အဟုတ်ကြီးလား---တဲ့
လမ်းမကြီးပေါ်ကားတွေ တစ်စီးပြီးတစ်စီး
ရပ်တန့်တယ်လို့မတွေ့သေးဘူး။
ဘီယာဆိုင်ထဲက ငြင်းခုံသံတွေ
ဘယ်ချိန်မှ ပြီးဆုံးမယ်မသိဘူး။
အိမ်နောက်ဖေးက သီချင်းသံလည်း
ဘယ်ချိန်ထိ လွင့်မျောနေမယ်မသိဘူး။
ငါ့ရင်ထဲက အဟုတ်ကြီးလွမ်းနေမိတာလဲ
အချိန်တိုင်းပါပဲဆိုရင် မင်းယုံမလား။
အဟုတ်ကြီးရေ----
တကယ်ကြီးမြတ်နိုးမိတဲ့ငါ့မှာ
မနက်ဖြန်တွေ ကျော်ကြည့်မိတိုင်း
ကုန်းပေါ်တက်လာမိတဲ့ ငါးလိုပဲ
မပြည့်စုံတဲ့ဘ၀က
ဘာမှမဆိုင်တဲ့ ငါ့ချစ်ခြင်းတွေကို
ဘာလို့များ ဓားနဲ့မွှန်းနေတာလဲ။
မိုးရွာမှာ မကြောက်ခဲ့ပေမယ့်
ခုတော့
မိုးခြိမ်းတာနဲ့ ငါ့ခြေလှမ်းတွေက
အလိုလိုနောက်ဆုတ်ပြီးသားဖြစ်နေတယ်။
အချစ်မှာ ဘာမှမလိုဘူး----တဲ့
ငါ့ရင်ထဲက နာကျည်းချက်တွေက
အချက်ပေးစရာမလိုပဲ လှောင်ပြောင်တက်တဲ့သဘာဝတွေ
ကိုယ့်ကိုကိုယ်မျက်လုံးဖြဲပြီး ကြည့်နေကြတယ်။
ဟုတ်တယ်---အဟုတ်ကြီးရေ
ငါက
ဘာမှ မရှိတဲ့သူ၊ မက်မောစရာမရှိတဲ့သူ
အလွမ်းပြေဖတ်ဖို့
ရင်ခွင်ထဲ ၀ှက်ထားတဲ့ အချစ်တစ်ခုကလွဲပြီး
ကိုယ့်ရဲ့မနက်ဖြန်တောင် ကိုယ်မပိုင်တဲ့သူ။
အချစ်ကို ခြုံထားချင်ပေမယ့်
ပြီးပြည့်စုံမှုကင်းတဲ့ ရေခဲတောင်မှာ
ငါက
တွင်းပျက်ထဲ ဘုန်းဘုန်းလဲနေသူ။
ငါ့ကိုထူပေးဖို့ မတောင်းဆိုတော့ပါဘူး။
ငါ့ချစ်ခြင်းတွေ ရှင်သန်တဲ့နေရာမှာ
အမှိုက်မပစ်ရ---လို့ ဆိုင်းဘုတ်လေးချိတ်ထားပေးရင်
ငါ-----ကျေနပ်ပါပြီ။။။။။။။။။။။။။။။။။။။။
မိန်နွေ
. Sunday29.4.2012
0 comments:
Post a Comment