Monday, January 21, 2013

♥♥♥ပဉ္စမမြင့်မိုရ်♥♥♥


လက်နှစ်ဖက်ကိုနောက်ပစ်ရင်း ပြူတင်းပေါက်မှ ဆရာမြတ်မိုးအပြင်သို့ငေးကြည့်နေသည်။ တသုန်သုန် တိုက်ခတ်နေသောလေနှင့် ပတ္တမြားရောင် စိန်ပန်းပွင့်တို့ကြွေကျနေပုံကဆရာမြတ်မိုး၏ ရင်ထဲတွင် ကဗျာပင်ဆန်နေသည်ဟုထင်မိသည်။ ဟုတ်သည်။ ကဗျာဆန်သည်။ဆရာမြတ်မိုး၏ ရင်ထဲတွင်မဟုတ်။ ကျောင်းအိုကြီးကပါ ကဗျာဆန်နေသည်။ ဆွေးမြေ့နေသောသွပ်ချပ်များကြားကအပေါက်ငယ်တို့သည် ဆရာမြတ်မိုး၏ ရုံးခန်းထဲကိုနေပြောက်လေးတွေ ပို့လွှတ်နေသည်။ ပြုတ်ကျကုန်သောအင်္ဂတေချပ်တို့နောက်ကနီရဲနေသောအုပ်ချပ်တို့ အထင်းသားမြင်နေရသည်။ တစ်ချို့အုပ်ချပ်တို့သည် ဟိုနေရာသည်နေရာမှ ကျိုးပဲ့ကာအခြားတစ်ဖက်ကိုပင် မြင်နေရသည်။ တဖျပ်ဖျပ်လွင့်လူးနေသောကျောင်းရှေ့မှ မြန်မာနိုင်ငံတော်အလံက ကြည့်မြင်ရသူအဖို့ ရင်ထဲတွင် ကြည်နူးစရာ။ အလံတိုင်၏ အောက်ခြေကပန်းပင်ငယ်အချို့နှင့် အစိမ်းရောင်မြက်ပင်တို့ကလည်းမိုးနှင့်ဝေးသောကြောင့်ထင်သည် ။ အနည်းငယ်ညှိုးနေပုံမှလွဲ၍ လှပနေဆဲ။
လေကိုစီးရင်းစိန်ပန်းပင်ပေါ်မှ ငှက်ငယ်တို့သည် စီစီညံလျှက်ရှိသည်။ ကျောင်းအိုကြီး၏ ဧရိယာအတွင်းမှ ပင်လုံးကျွတ်ပွင့်နေသောများပြားလှသည့် စိန်ပန်းပင်တို့ကပတ္တမြားပုံကြီးကဲ့သို့ အစုလိုက်၊ အပြုံလိုက်။ ကျောင်းအိုကြီး၏ တံစက်မြိတ်နှင့် မနီးမဝေးတွင်လည်း ပုဏ္ဏရိတ်ပင်တို့ကရှင်သန်မြန်လွန်းလှသည်။ အရင်ကသည်နေရာမှာပုဏ္ဏရိတ်ပင်တို့မရှိသေး။ ပတ္တမြားရောင် စိန်ပန်းတို့ကလည်းငယ်လွန်းသေးသည်။ ဟုတ်သည်။ အပင်ငယ်ငယ်မျှသာရှိသေးသည်။ ဆရာမြတ်မိုးလည်းငယ်ငယ်ရွယ်ရွယ်။ မကောင်းတာကိုကောင်းတာလို့ ထင်နေသည့်အရွယ်။ ပူမှန်းသိပေမယ့် အတင်းဝင်တိုးတတ်သည့် အရွယ်။ စိတ်ဓာတ်ကျလွယ်သည့် အရွယ်။့အရွယ့်။
``ဟူး´´
သက်ပြင်းကိုခပ်ငွေ့ငွေ့လေးချလိုက်သည် ။ သက်ပြင်းနှင့်အတူ နွေလေပူတို့ကဆရာမြတ်မိုး၏ အာရုံတို့ကိုအတိတ်ဆီသို့ ဆွဲခေါ်သွားကြသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
``ခွမ်း´´
ဘာမပြော၊ ညာမပြောဖြင့် မိမိသောက်နေသည့် ထန်းရည်အိုးကိုရိုက်ခွဲလိုက်သောသူကို မြတ်မိုးမော့ကြည့်လိုက်သည်။ ပုဆိုးနှင့် တိုက်ပုံအင်္ကျီဝတ်ပြီးထူထဲသောမျက်မှန်တစ်လက်နောက်ကဒေါသအခိုးအငွေ့တွေ ပျံနေသော မျက်ဝန်းတစ်စုံကြောင့် သောက်ပြီးသားထန်းရည်တွေတောင် ဘယ်ပျောက်ကုန်သည် မသိ။
`` ဆ့ဆရာ ´´
`` ဘာကွ ၊ မင်း ငါ့ကိုဆရာလို့ခေါ်တယ်ဟုတ်လား ´´
``ဆရာ ၊ ကျွန့့်  ကျွန်တော်´´
          ဆရာဦးကျော်ဦးဘေးဘီကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထန်းတောနှင့် ဝေးပြီး လူအသွားအလာနည်းသည့် နေရာမို့ အနည်းငယ် တော်သေးသည်။ ဆရာဦးကျော်ဦးအနေဖြင့် ထန်းရည်အိုးကိုခွဲချင်၍ ခွဲသည် မဟုတ်။ ၀န်တိုမစ္ဆရိယစိတ်ကြောင့် ရိုက်ခွဲခြင်းလည်းမဟုတ်။ ထန်းရည်သောက်ခြင်း၏ အကျိုးရလာဒ်ကမကောင်းမှုများဖြစ်နိုင်သည်ကိုသူတို့လေးတွေ သိစေချင်သည်။ ကျလွယ်သည့် စိတ်ဓာတ်ကိုလည်း မြင့်တင်ပေးလိုသည်။
သူတို့လေးတွေကအနာဂါတ်၏ မြန်မာ့သူရဲကောင်းလေးများ။ သူတို့ကအနာဂါတ်ကမ္ဘာ့ လူစွမ်းကောင်းများ။ အနာဂါတ်၏ မီလျံနာ။ အနာဂါတ်၏ ငြိမ်းချမ်းရေးပုဂ္ဂိုလ်။ သူတို့လေးတွေ၏ နှလုံးသားထဲတွင် ကောင်းမွန်သည့် စိတ်ဓာတ်များကိုကိန်းအောင်းစေလိုပြီး၊ ကောင်းမွန်သည့် အမူအကျင့်နှင့် ကောင်းသည့် အတွေးတို့သာလျှင် ရှိစေချင်သည်။ ဒါကဆရာဦးကျော်ဦး၏ ရင်ထဲကစေတနာ ။ ဆရာများ၏ စေတနာ။
``မင်းဘာလို့ ထန်းရည်သောက်တာလဲ၊ ငါ့ကိုအမှန်တိုင်းပြောစမ်း ´´
မိမိနှုတ်မှ ထွက်သွားသောစကားလုံးတို့ကအနည်းငယ် ကြမ်းတမ်းပြီးဒေါသအငွေ့တွေပါနေသည်ကိုဆရာဦးကျော်ဦးသိလိုက်သည်။ သို့သော်လည်း။ မတတ်နိုင်။ ပါလာတဲ့ဒေါသက ကြမ်းတမ်းသည့် ဒေါသမဟုတ်။ ကရုဏာဒေါသ။ လမ်းမှားနေသောတပည့်တို့ကိုလမ်းမှန်ပေါ်ရောက်စေချင်သည့် ကရုဏာဒေါသ။
`` ဒီနေ့ ဂေဇက်ထွက်တယ်ဆရာ´´
``ဘာလဲ ၊ မင်းနာမည် ဂေဇက်ထဲပါမလာလို့လား ´´
          ဆရာဦးကျော်ဦး၏ အမေးကြောင့် မြတ်မိုးရင်ထဲအားငယ်ပြီးမျက်ရည်တွေ ၀ဲတက်လာသည်။ သူဒီ( ၁၀ )တန်းစာမေးပွဲကိုဂုဏ်ထူးတွေတောင် မှန်းထားသည်။ ဂေဇက်ထွက်လာတော့ ဂုဏ်ထူးလည်းမထွက်သလို၊ နာမည်ပင် ပါမလာခဲ့။ မအိပ်မနေစာကျက်ခဲ့သည့်နေ့တွေကိုတွေးမိတိုင်း မြတ်မိုး ၀မ်းနည်းရသည်။ ညရောက်တိုင်း ။ မီးရောင်တွေမြင်တိုင်း။ ကျောင်းစိမ်းအင်္ကျီပုဆိုးတွေမြင်တိုင်း။ ရင်ထဲမှာတစ်ခုခုလစ်ဟာနေသလို။ မိမိကိုယ်မိမိလောကကြီးထဲ အသုံးမ၀င်သည့်သူဟုခံစားရသည်။ ထို့ကြောင့် ငိုသည်။ ငိုတာမှ မျက်ရည်တွေရွှဲလို့။ ထန်းရည်နဲ့လည်းငိုသည်။ထန်းတောကြီးထဲမှာလည်းငိုသည်။ ပြီးတော့ တွေးမိတိုင်းငိုသည်။ ထိုတွင် ဆရာဦးကျော်ဦးကမတ်တတ်ရပ်ရာမှ မြတ်မိုး၏ အနီးတွင်ထိုင်လိုက်သည် မြတ်မိုး၏ ပုခုံးကို နှစ်ချက်လောက် အသာယာပုတ်လိုက်ပြီးတင်းထားသည့် ဒေါသတို့ကိုလျော့ချလိုက်သည်။
`` ဒီမှာ ငါ့တပည့် ၊ မင်းအသက်ကြီးလာရင် ဘယ်လိုမျှော်လင့်ချက်မျိုးတွေ ထားတာလဲ ´´
``ကျွန်တော် အသက်ကြီးလာရင် ပညာတတ်ကြီးဘ၀နဲ့ ကြီးပွါးတဲ့သူဖြစ်ချင်တယ်ဆရာ´´
``အေး ၊ နောင့်ဆိုတာအနာဂါတ်ကိုခေါ်ပြီး ။ ယခုဆိုတာပစ္စုပ္ပန်ကိုခေါ်တာကွ။ နောင်တစ်ချိန်မှာပညာတတ်ကြီးဘ၀နဲ့ ကြီးပွါးချင်တယ်ပေါ့´´
``ဟုတ်ကဲ့ဆရာ ´´
``အခု ၊ မင်းဘာလုပ်နေတာလဲ ´´
``ထန့်း´´
          ဆရာ၏ အမေးကြောင့် မြတ်မိုးပြီးအောင်ပင် မဖြေရဲ။ တစ်ဝက်တစ်ပျက်မှာပင် ရပ်သွားသည်။
`` အေး ၊ အနာဂါတ်မှာမင်းလိုချင်တဲ့ ဘ၀ကို အခုပစ္စုပ္ပန်မှာထန်းရည်သောက်နေရုံနဲ့ ရနိုင်ပါ့မလား ´´
          ဆရာဦးကျော်ဦး၏ စကားက မြတ်မိုး၏ အသိညာဏ်ကိုထိုးဖောက်သွားသည် ထင်သည်။ မြတ်မိုးကွဲသွားသောအိုးခြမ်းပဲ့တို့ကို ကြည့်ကာတွေးနေသည်။ ဟုတ်သည်။ အခုထန်းရည်သောက်နေရုံနဲ့ အနာဂါတ်မှာကိုယ်လိုချင်တဲ့ ဘ၀မျိုးကို မရနိုင်။ မြတ်မိုးအလေးအနက်စဉ်းစားနေသည်ကို ကြည့်ပြီးစကားထဲတွင် နစ်ဝင်နေသည်ဆိုတာ ဆရာဦးကျော်ဦးသိလိုက်သည်။
``ကျွန်တော် စာမေးပွဲကျတယ်ဆရာ´´
``စာမေးပွဲဆိုတာစစ်ပွဲတစ်ပွဲပဲကွ။ တစ်ကြိမ်ထဲကျရှုံးရုံနဲ့ နောက်ဆုတ်လို့ ဖြစ်မလား။ မင်းရောမမြို့ကြီးဆိုတာကြားဖူးလား´´
``အရမ်းကြီးကျယ်ပြီး လုံးဝ မသေနိုင်တဲ့ မြို့ကြီးကိုပြောတာလားဆရာ´´
``ဟုတ်တယ်။ ရောမမြို့ဆိုတာအရမ်းကြီးကျယ်တယ်။ အရမ်းလည်းခမ်းနားတယ်။ အေ့းအဲဒီမြို့ကြီးကတစ်ရက်တည်းနဲ့ ပြီးအောင် ဆောက်ခဲ့တာမဟုတ်ဘူးကွ။ ရက်တွေ ၊ လတွေ၊ နှစ်တွေနဲ့ တည်ဆောက်ခဲ့တာ။ ဘေဘီလုံကအချမ်းသာဆုံးဖြစ်တဲ့ အာခက်လည်းဟိုတစ်ချိန်ကဆိုရင် သူတပါးအိမ်ရဲ့ လက်ပါးစေတောင် ဖြစ်ခဲ့တာပဲ။ ကျရှုံးမှုတွေ ၊ ဆုံးရှုံးမှုတွေကိုရင်ဆိုင်ပြီးသည်းခံတဲ့စိတ်ဓာတ်နဲ့ ကြိုးစားတဲ့ ၀ီရိယအားထုတ်မှုတွေကြောင့် ဘေဘီလုံမြို့ကြီးမှာအချမ်းသာဆုံးပုဂ္ဂိုလ်ကြီးဖြစ်ခဲ့တာ ´´
          ဆရာဦးကျော်ဦးကစကားကိုအရှည်ကြီးပြောလိုက်ပြီးဘေးကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ လေတစ်ချက်အဝေ့က ခြုံထဲမှ တောခံပွင့်ရနံ့ကိုသယ်ဆောင်လာသည်။ ကျေးငှက်သံကလွဲ၍ အားလုံးတိတ်ဆိတ်နေသည်။ တခြားဘာမှ မရှိ။
`` မင်းတို့ ငါတို့ ကိုးကွယ်တဲ့ဗုဒ္ဓဘုရားရှင်ဆိုရင် သူ့ရဲ့အောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့ ဆင်းဆင်းရဲရဲနဲ့ ခြောက်နှစ်တိတိတောထဲမှာဒုက္ကရစရိယာကိုကျင့်ခဲ့တာပဲ။ မင်းဒီစာမေးပွဲကိုဘယ်နှကြိမ်ကျဆုံးခဲ့ပြီလဲ ´´
``ဒါ့ ပထမဆုံးအကြိမ်ပါ ဆရာ ´´
``အေး ၊ ပထမဆုံးအကြိမ်။ ခုမှ တစ်နှစ်ပဲရှိသေးတယ်။ ငါတို့ဘုရားနဲ့ယှဉ်ရင် ငါးနှစ်ကြီးတောင် ကွာခြားနေတယ်။ ငါတို့ဘုရားကဒုက္ကရစရိယာကိုကျင့်တယ်ဆိုတာဆင်းဆင်းရဲရဲချို့ချို့တဲ့တဲ့ကွ။ မင်းမှာစားစရာ၊ သောက်စရာတွေ ပူစရာလိုလို့လား။ တခြားအရာတွေလည်းလိုလား။ ဘာများလိုအပ်လို့လဲ ´´
``ဘာမှ မလိုအပ်ပါဘူးဆရာ´´
``မျက်ရည်မထွက်ခင် သွေးနဲ့ချွေးပဲထွက်ရမယ် ဆိုတဲ့ တရုပ်စကားပုံကိုမင်းကြားဖူးလား´´
``ဟုတ် ၊ ကြားဖူးပါတယ်ဆရာ ´´
``မင်းကအောင်မြင်မှုဆိုတာကြီးကိုမရခင် မျက်ရည်ကိုအရင်ထွက်စေတာပဲ ၊ ဘယ်လိုလုပ် အောင်မြင်နိုင်မလဲ ။ ဘ၀ဆိုတာ ကျရှုံးရုံနဲ့ လဲကျသွားလို့ မဖြစ်ဘူး။ လဲရင်ပြန်ထရမယ်။ ဒါမှ အဓိပ္ပါယ်ရှိတဲ့ ဘ၀ဖြစ်တော့မှာပေါ့´´
          မြတ်မိုးရင်ထဲတွင် တစ်ချက်ပြုံးလိုက်သည်။ ဆရာဦးကျော်ဦးကသူ၏ ငယ်ဆရာ။ လမ်းမှန်ပေါ်ကိုတွန်းပို့နေသည်ကို မြတ်မိုးတဖြည်းဖြည်းရိပ်မိလာသည်
`` နှင်းဆီတိုင်းမှာဆူးရှိတယ်။ အောင်မြင်မှုတိုင်းမှာလည်းကျရှုံးမှုရှိတယ်။ တစ်ကြိမ်တည်းကျရှုံးရုံနဲ့ ကိုယ်လိုချင်တဲ့ အောင်မြင်မှုကိုဒီအတိုင်းလက်လွှတ်တော့မလို့လား´´
``အနေလည်းကောင်း ၊ စိတ်လည်းကောင်း၍ ၊ ကောင်းကောင်းပညာ ၊ တတ်မှသာ ၊ ငါဟာကြီးပွါးမည်။
အနေမကောင်း ၊ စိတ်မကောင်း၍ ၊ ကောင်းကောင်းပညာ ၊ မတတ်ပါ၊ ငါဟာဆုတ်ယုတ်မည့်လို့ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီးက သြ၀ါဒပေးထားတာပဲ။ မင်းကအနေအထိုင်လည်းကောင်းတယ်။ အကျင့်စာရိတ္တစိတ်သဘောထားလည်းကောင်းတယ်။ မင်းဘ၀ကြီး အောင်မြင်ဖို့၊ မင်းဘ၀ကြီးတိုးတတ်ကြီးပွါးဖို့ ပညာတစ်ခုတည်းပဲလိုအပ်နေတာ၊ ဘုရားရှင်ဟောခဲ့တဲ့တရားတွေထဲမှာ ( ၂၅ )နှစ်ဆိုတဲ့ ပထမအရွယ်ကပညာကိုသင်ရမယ်တဲ့။ တစ်ချို့ဆိုအသက် ( ၇၀ ) (၈၀) ထိပညာတွေလေ့လာနေတုန်း။ နိုင်ငံခြားကအောင်မြင်နေတဲ့ သိပ္ပံပညာရှင်တွေကြည့် ၊ အသက်လေးဆယ်ရဲ့ အောက်မှာမရှိသလောက်ပဲ။ သူတို့ကအမြဲတမ်းစူးစမ်းလေ့လာနေတာ။ မင်းအသက်ကငယ်ပါသေးတယ်။ ရှိလှ ( ၁၅ )နှစ်ပေါ့။ ဟုတ်တယ်မို့လား။ ကြိုးစားစမ်းပါ ငါ့တပည့်ရာ ။ တစ်ကြိမ်တည်းကျရှုံးတာကိုအရေးကြီးခွင်ကျယ် လုပ်ပြီးတန်ဖိုးရှိတဲ့ အချိန်တွေကိုမကုန်ဆုံးစေနဲ့ ´´
ဆရာဦးကျော်ဦးကအားကြိုးမာန်တတ် ပြောပြနေသည်။ ဆရာ့ကို ကြည့်ပြီး မြတ်မိုးပါ ခွန်အားတွေတတ်လာသည်။ ဟုတ်သည်။ တစ်ကြိမ်တည်းကျရှုံးရုံနဲ့ နောက်ဆုတ်လို့မဖြစ်။ အောင်မြင်မှုတိုင်းမှာကျရှုံးမှုတွေ ရှိနေတယ်ဆိုတာ မြတ်မိုး မြင်တတ်လာသည်။ ကျရှုံးခြင်းကအောင်မြင်ဖို့အတွက် လှေကားထစ်ဆိုတာကိုလည်းအလိုလိုနားလည်လာသည်။ အောင်မြင်မှုနှင့် ကျရှုံးမှုကဒွန်တွဲ၍ နေသည်ကို မြတ်မိုးအနေဖြင့် လုံးဝ လက်သင့်မခံလို့မရတော့ချေ။
``ကျေးဇူးပါဆရာ၊ ကျွန်တော် နားလည်သဘောပေါက်ပါပြီ ၊ မနက်ဖြန်ကစပြီး ကျွန်တော် ကျောင်းပြန်တတ်ပါ့မယ်။ ဆရာတပည့်အနေနဲ့ အောင်မြင်မှုတွေကိုမရရအောင် ယူပြပါ့မယ်ဆရာ ´´
          တက်ကြွစွာပြောလိုက်သော မြတ်မိုး၏ စကားကြောင့် ဆရာဦးကျော်ဦးလွပ်လွပ်လပ်လပ် ပြုံးလိုက်သည်။
``အေးကွ ၊ ငွေဆုံးရှုံးတဲ့သူကများစွာဆုံးရှုံးတယ်။ မိတ်ဆွေတစ်ဦးဆုံးရှုံးသူကပိုပြီးတော့ ဆုံးရှုံးတယ်။ စိတ်ဓာတ်ဆုံးရှုံးသူကအရာရာကိုဆုံးရှုံးတယ်။ ငါ့တပည့်က ပျော့ညံ့တဲ့စိတ်တွေ ဖယ်ရှားပြီးသံမဏိလိုမာကျောလာတော့ ဆရာဝမ်းသာတယ်။ မှတ်ထား။ ဘယ်တော့မှ စိတ်ဓာတ်အကျမခံနဲ့။ ကြိုးစားနေတဲ့သူအတွက် အမြဲတမ်းနေရာတစ်ခုရှိနေတယ်။ မင်းကနောင်တစ်ချိန်မှာအရည်အသွေးကောင်းတဲ့ ကျောက်တစ်လုံးဖြစ်လာမယ်ဆိုတာဆရာယုံကြည်တယ်။ အေ့း ဆရာယုံကြည်သလိုမင်းလည်းကိုယ့်အရည်အချင်းကိုယုံကြည်ရမယ်။ စိတ်ကိုဘယ်တော့မှ မလှည့်စားနဲ့ ´´
``ဟုတ်ကဲ့ဆရာ ၊ အခုအနာဂါတ်မှာ ကြီးပွါးဖို့ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်သဘောပေါက်ပါပြီ´´
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ခပ်ကြမ်းကြမ်းတိုက်ခတ်လိုက်သောလေကြောင့် သေးငယ်သောလေပွေတစ်ခုဖြစ်လာကာလေပွေ၏ တ၀ီဝီမည်သော အသံကအတိတ်သို့ပြေးနေသောဆရာမြတ်မိုး၏ စိတ်အာရုံကိုပစ္စုပ္ပန်တည့်တည့်သို့ ပို့လွှတ်လိုက်သည်။
အရင်ကထန်းတောထဲမှာစိတ်ဓာတ်ကျရှုံးနေသော မြတ်မိုးသည် ဆရာဦးကျော်ဦး၏ အဆုံးအမကြောင့် ဂုဏ်သရေရှိသောကျောင်းအုပ်ဆရာကြီး ဖြစ်၍နေသည်။ ကျောင်းကြီးကအိုနေပေမယ့် ဒီကျောင်းကိုဆရာမြတ်မိုးမြတ်နိုးသည်။ဟိုးးးးးငယ်ငယ်ကတည်းကနေခဲ့တာမို့ဒီကျောင်းကြီးကိုရောက်အောင်အထက်ကိုမနည်းလျှောက်ခဲ့ရသည်။ မှန်သည်။ သည်ကျောင်းကြီးတွင် သူပညာသင်ကြားခဲ့သည်။ သည်ကျောင်းကြီးမှာပဲဆရာတွေကသူ့ကိုဆုံးမခဲ့ကြသည်။ ယခုသူလည့်း
``ဆရာ´´
          သူငယ်တန်းပြဆရာမလေးကခေါ်လိုက်သည်မို့ ဆရာမြတ်မိုး ပြူတင်းပေါက်မှ ကျော်လွန်နေသောအကြည့်တို့ ရုပ်သိမ်းကာဆရာမ ရှိရာအပေါက်ဝသို့ လှမ်းကြည့်လိုက်သည်။
`` အော့်ဆရာမ ၊ ကျောင်းသားတွေ စုံနေပြီလား ´´
`` စုံပြီဆရာ ၊ ဆရာ့ကိုကန်တော့ဖို့ လာပင့်တာ ´´
ဟုတ်ပေသည်။ ဒီနေ့သီတင်းကျွတ်မို့ တပည့်တွေ စုပေါင်းကာဆရာ၊ ဆရာမတွေကိုပူဇော်ပွဲကျင်းပသည်။ မိမိဆရာကမိမိကိုကောင်းအောင် သွန်သင်ဆုံးမသလိုမိမိလည်းမိမိ၏ တပည့်တို့ကိုပညာတတ်များဖြစ်အောင် ကောင်းမွန်သည့်သြ၀ါဒတို့ကို ပေးရပေဦးမည်။ ဆရာဆိုတာဘုရားတရားသံဃာမိဘတို့နှင့် တစ်ဂိုဏ်းထဲထားပြီးတပည့်တွေအပေါ်သားသမီးအရင်းလိုဆုံးမတတ်သည့် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဆိုတာခုတော့ ဆရာမြတ်မိုးတစ်ယောက် ကောင်းကောင်းသိလိုက်ပေပြီ။ ဆရာဆိုသည်မှာအနန္တောအနန္တငါးပါးထဲကနောက်ဆုံးဖြစ်သည့် ပဉ္စမမြင့်မိုရ်ပင်မဟုတ်ပါလား။ ထို့နောက် မြတ်ဆရာဆိုသည့်သီချင်းသံကလည်းအာစရိယပူဇော်ပွဲခမ်းမကြီးတွင် လှိုင်ဟီး၍ နေလေတော့သည်။







ဝန်ခံချက်။။  ။ ဤစာမူသည် ကိုယ်တိုင်ရေးစာမူ အသစ်ဖြစ်ပါကြောင်း ၊ မည်သည့်စာ၊နယ်၊ဇင်းမှ ပေးပို့ထားခြင်းမရှိပါကြောင်း ၀န်ခံကတိပြုအပ်ပါသည်။


လေးစားစွာဖြင့်
မိန်နွေ

0 comments:

Post a Comment