Thursday, August 22, 2013

ဗိုလ်ချုပ်အောင်ဆန်း



 ဗိုလ်   ခြေလူထု၊ ပြည်ထောင်စုနှင့်၊ တခုအာဏာ၊ မြန်မာနိုင်ငံ၊ လွတ်လပ်ပြန်ဖို့၊ ပမံမြင့်မိုရ်၊ တောင်မင်းပျိုသည်၊လေးလီကျွန်းထက်၊ ကောင်းစွာရပ်၍၊ ရေတက်မငေါင်၊ နေလောင်မညှိုး

၊လေတိုးမယိမ်း၊ မတိမ်းမယိုင်၊ မြဲစွာခိုင်သို့ ၊ တောမြိုင်ကျေးရွာ၊ ဒေသာမြို့ပြွမ်း ၊ နိုင်ငံဝှမ်းလုံး ၊ သိမ်းကျုံးကြည့်လျှင်၊ ရဟန်းရှင်လူ၊ ပြည်သူအတွက်၊ အသက်လည်းပေး၊ ပညာပေး၍၊ နောင်ရေးစိတ်ချ၊ လွတ်လပ်ကြရန်၊ ဗြိတိသျှံ ကို ၊ ဂျပန်စစ်သည်၊ မီနာမီ နှင့်၊ တစ်လီ ရဲဘော်၊

သုံးကျိပ်ခေါ်၍၊မလျှော်မကန်၊လူမိုက်ကြံဖြင့်၊ နိုင်ငံမြန်မာ၊ တို့ပြည်သာကို ၊ဖယ်ခွါမပေး၊ နယ်ချဲ့ခွေးအား၊ မနားနေ့ည၊ တော်လှန်ကြသည်၊ သီဟသတ္တိ ယောက်ျားတည်း။

ချုပ်ချာအာဏာ၊ထိပါးလာ၍၊ မြန်မာလူများ၊တိုင်းရင်းသားတို့၊ ထွေးပြားစိတ်ဝမ်း၊မခွဲခြမ်းဘု၊ကိုယ်ထမ်းနိုင်လောက်

၊တော်လှုန်ရောက်လည်း၊ ထက်အောက်မြန်မာ၊နိုင်ငံသာသည်၊ လွတ်ကာ မလပ်၊ ကိုလို-လက်အောက်၊ မလွတ်မြောက်ရှင့်၊ ထို့နောက်တစ်ဖန်၊တွန်းထုတ်လှန်ဖို့၊ ဂျပန်ကိုသာ၊ တိုက်စေခါမှ၊ မိစ္ဆာဗြိတိ၊ ဆုတ်ခွါ၏ရှင့်၊ ဗြိတိထွက်ခွါ၊ ဂျပန်လာရောက်၊စိုးအုပ်နှောက်သော်၊ မလောက် - လောဘ၊ ယုတ်မာကြ၍၊ မိန်းမအပျို ၊ အအိုအနှမ်း၊ မရှောင်သွမ်းဘူး၊ ညစ်ညမ်းမိစ္ဆာ၊ သူချမ်းသာဖို့၊အာဏာကိုးပြီး၊တို့မြေကြီးနှင့်၊
တသီးတွင်းပေါက်၊ ရွှေငွေကျောက်စိမ်း၊ ထို့နောက်စိန်များ၊ လုယက်သွား၍၊ ဘုရားဌာပနာ၊ ယူလိုခါဝယ်၊ ဗုဒ္ဒွါလည်ထက်၊ လွှဲလှီးဖြတ်ကာ၊ ခြေလက်တစ်ပါး၊ ကိုယ်ခေါင်းခါးတို့၊ တစ်ခြားဆီကွဲ ၊ လွင့်အောင်ကျဲပြီး ၊ ပစ္စည်းဌပနာ၊ ယူကြရှာ၏ ။ ထိုခါဗိုလ်ချုပ် ၊ ခေါင်းဆောင်လုပ်ပြီး၊ အရှုပ်ဂျပန် ၊ တွန်းထုတ်လှန်ဖို့ ၊ မကျန်တပ်သား ၊ မိန့်ချွေကြားသည် ၊ တရားမျိုးချစ် စစ်မှန်တည်း ။         ။

အောင်  ဇေယျတု ၊ အောင်ကြောင်းပြုအံ့၊ တစ်ခုဂျပန် ၊ တစ်ဖန် ဗြိတီ ၊ ကိုလိုနီ နှင့် ၊ တစ်လီ ဖက်ဆစ် ၊ အကု - ယစ်တို့ ၊ ယုတ်ညစ်လူသား ၊ မြန်- တလွှားတွင် ၊ ပယ်သုဓ်သင်၍ ၊ ရှေ့လျှင် ဦးဆောင် ၊ ခေါင်းဆောင်စိတ်ဓာတ်၊ လွန်ပြည့်လျှက်သာ ၊ တို့မြန်မာ၏ ၊
မှတ်ကာ ပြယုဂ် ၊ အတ္ထုပ္ပတ္တိ၊ မျိုးရိုးညှိဆင် ၊ ပန်းကုံးသွင်သို့ ၊ ရေးလျှင်ထုတ်သော် ၊ ခရစ်ခေါ်ထ ၊ ဖေဖော်ဝါရီ ၊ ဆယ့်သုံးမည်လစ်၊ တစ်ကိုးတစ်ငါး ၊ ခုနှစ်များတွင် ၊ မွေးဖွားစင်၏ ၊ ထို့ပြင်ကောဇာ ၊ ထောင့်နှစ်ရာနှင့် ၊ ခုနှစ်ခါဆယ် ၊ ခြောက်ခု ထယ်၍ ၊ နဂါးနေ့ပ ၊
တပေါင်းလဆန်း ၊ တစ်ရက်တမ်းသည် ၊ ဆယ့်သုံး ဗီဇနာ ၊ နှစ် ခရာ တွက် ၊ သုံးပါဒ် - လေး ပြန် ၊ တစ်ဖန်လေးချက် ၊ မတီးခတ်မီ ၊ ခြောက် နာရီတွင်၊ မီးရှုးစင်ကာ ၊ ငယ်နာမာကား ၊ ပမာ - နေမင်း ၊ ထိန်ထိန်လင်း- သို့ ၊ တထာ - ထို့တူ ၊ ထိန်လင်းဟူသာ ၊
မည်သညာကို ၊  မှည့်ကာခေါ်ပေ ၊ ပေးခဲ့လေ၏ ၊ ရှေ့နေဦးဖာ ၊ မာတာ ဒေါ်စု ၊ နွယ်ယှက်မှုသည် ၊ သုံးလီ သမီး၊ သားတည်း ငါး-ခု ၊ ပေါင်းစု ကိုး-မှ ၊ ထွေးလှအငယ် ၊ တင့်၍ တယ်၏ ။ တနှယ် ဆွေမျိုး ၊ စပ်ရရိုးသော် ၊ အကျိုးမြန်မာ ၊ လို က္ကုစ္ဆာ ဖြင့် ၊ မိစ္ဆာ ဒိဋ္ဌိ ၊
အင်္ဂလိ - ကို ၊ ရွှေဘိုမြို့နေ ၊ ဦးအောင် ဇေယျ ၊ တိုက်ထုတ်ကြစဉ် ၊ ဦးမြ ရှင်ထီး ၊ ပင်း - မင်းကြီး ခေါ် ၊ ထိုသူတော်သည် ၊ တမျှော် တစ်ခေတ် ၊ ဆွေမျိုး ဖြစ်၏ ၊ ကရာဇ် ရာဇာ ၊ တစ်ချိန်ခါတွင် ၊ ဘုရင်မင်းတုန်း ၊ မြတ်ရွှေဘုန်းဖြင့် ၊ သိမ်းကျုံးမြန်မာ ၊ အုပ်စိုးခါက၊
သက်ရှည် အမတ် ၊ ခမ်း ပတ်မင်းနှင့် ၊ တသင်း - သမား ၊ ဆေးဟုးရားတွင် ၊ အမှားမရှိ ၊ တတ်ဘိအမှန် ၊ ဦးကျော်ဇံသည် ၊ တစ်လီဆွေမျိုး ၊ ဖြစ်ခဲ့ရိုးရှင့် ၊ ပြိုးပြိုးပြက်ပြိုင် ၊ မြင်းခုံတိုင်နှင့်၊ မယိုင်စိတ်ထား ၊ မင်းသား မြင်ကွန်း ၊ ပညာသွန်းဝေ ၊ ညှိထွန်းလေသူ ၊ ဦးဘွားယူလည်း၊
တနဲဆွေမျိုး ၊ ဟုတ်မှန်ရိုး၏ ၊ တာကျိုးရေသည် ၊ မည်သည်ကို တိုက် ၊ ဂရုစိုက်ဘူး ၊ ရှေ့၌ တွေ့ရာ ၊ ကြီးငယ်ရာကုန် ၊ အဟုန်မာန်ပြင်း ၊ တိုက်စားလျဉ်းသို့ ၊ ထိုချင်း တူစွာ ၊ တို့မြန်မာကို ၊ သစ္စာ မဖောက် ၊ ထို့နောက်တဖြစ် ၊ ကုလားသစ္စာ ၊ မခံသာဘူး ၊
ငါဦး တစ်ယောက် ၊ ရှိခဲ့လှောက်လည်း ၊ မကြောက်သတ္တိ ၊ ဇွဲရှိရှိဖြင့် ၊ မဏိသံစိတ် ၊ နှလုံးထိပ်၌ ၊ ကောင်းစွာ ပိုက်ပြီး ၊ ခွေးကြီး ကုလား ၊ အင်္ဂလိပ်များကို ၊ တအား တိုက်မည်၊ မမှုပြီ ဟု ၊ မြဲမှု သစ္စာ ၊ သေဆုံးကာ ထိ ၊ မဖာ မကျိုး ၊ မြန်မာ ကျိုးကို ၊ ရွက်ပိုးသည်ဆောင်၊လရောင်ဘွဲ့ခံ ၊ ရွှေထပ်ပြန်သည့် ၊ တော်လှန်သမား ၊ ပြည်ဂုဏ်များသည် ၊ မှတ်သား ဗိုလ်ချုပ်  ထက်ဆွေတည်း ။        ။

ဆန်းသစ်စလ ၊ ထို၏ ညသည်၊ စန္ဒ လမင်း ၊ ထိုအလင်းနှင့် ၊ ကြယ်မင်းတာရာ ၊ ကုဋေ သာကို ၊ တိမ်လွှာဆိုးယုတ်၊ ဖုံးကာ အုပ်၍ ၊ တလုပ်မိုက်မှောင် ၊ ညသန်းခေါင်၌၊ ရွာတောင်ဘက်ဖျား ၊ ကိုးတောင်ကျားတို့ ၊ ရွာသား ရွာသူ ၊ ၀င်ဆွဲ ယူပြီး ၊ မာန်ကိုဖြီးလျှက် ၊ သူပြီးတစ်ယောက် ၊ ကိုက်စားသောက်သို့ ၊ နွားလောက်မမြတ် ၊ ခွေးနှင့် ၀က်မျှ ၊ ကျင့်ရှိကြ၍ ၊ ဒေါသလွန်ဖီး ၊ လောဘကြီးကာ ၊ မြိုက်မီး မောဟ ၊ ပေါကြွယ်ဝ၍ ၊ မြန်မာ့ ပြည်သူ ၊ တောသူ တောင်သား ၊ လယ်သမားနှင့် ၊ ကျောင်းသား အညွန့် ၊ ဖမ်းဆီးစွန့်ကာ၊
ယှဉ်ကာ မပြိုင် ၊ မလှန်နိုင်ဖို့ ၊ သံတိုင်ကြိုကြား ၊ ချုပ်နှောင်ထား၍ ၊ တရားမရှိ ၊ မင်းမဲ့ ဘိသို့ ၊ တိုင်းရှိ ပြည်သူ ၊ ပွက်ပွက်ဆူအောင် ၊ ကြံကာ ဆောင်ချိန် ၊ မည်းညစ်တိမ်လွှာ ၊ လေသွေးလာ၍ ၊ ဝေးကွာ ထွက်ပြေး ၊ ကောင်းကင်ရေးဝယ် ၊ တာရာကြယ်စုံ ၊ လွှမ်းခြုံ လမင်း၊ပပ၀င်းသည် ၊ ခပင်းဗိုလ်လူ ၊ စိတ်ကြည်ဖြူအောင် ၊ တမူ ညဂုဏ် ၊ သင်းသင်းထုံသို့ ၊ ဗိုလ်ခြုံ တေဇ ၊ ဦးဆောင်ထကာ ၊ လက်ျာ- နေ၀င်း ၊ ဇေယျ- လင်းယုန် ၊ ဗိုလ်မင်းရောင်နှင့် ၊ ဘုန်းမြင့် - ရန်အောင် ၊ မှူးအောင် - ထိန်ဝင်း ၊ ကျော်ဇော- မင်းခေါင်၊ စောနောင် -
ဗလ ၊ ဥာဏ- တာရာ ၊စကြာ- သန်းတင် ၊ မြဒင်- စောအောင် ၊ လရောင် - မိုးညို ၊ တသို ဗိုလ်မိုဃ်း ၊ မှန်မျိုး ရဲထွဋ် ၊ မချွတ် မြင့်ဆွေ၊ တသွေ မြင့်အောင် ၊ ဂုဏ်ဆောင် ဇင်ယော် ၊ တမျှော် တောက်ထိန် ၊ တစ်ကြိမ်  ရန်နိုင် ၊ စုံမြိုင်ယံဝယ်၊ နှစ်ဆယ်ကိုးခု ၊အင်အားစုသည်၊ပေါင်းပြုညီညာ ၊ စည်းလုံးကာဖြင့် ၊ အစာ ဆင်းရဲ ၊ နေ- ဆင်းရဲ၍ ၊ ၀တ်လည်း စုတ်ပြတ် ၊ ပင်ပန်းလျှက်ပင် ၊ နေ့စဉ်ရက်ဆက် ၊ စစ်ဘက်သင်တန်း ၊ ဆင်နွှဲမြန်း၏ ၊ သင်တန်းနေရာ ၊ ဖော်မိုဆာကျွန်း ၊ ဟိုင်နန်ကျွန်း၌ ၊ မယွန်းပညာ ၊ သင်ကြားကာလျှင် ၊ သခင်ထွန်းအုပ်၊ပေါင်းထုတ် သုံးကျိပ်၊ ပန္နက် ဓိဋ္ဌာန် ၊ သစ္စံ စကား ၊ လက်မောင်းသားမှ ၊ သွေးများဖောက်ပြီး ၊ ပေါင်းစုစည်း၍ ၊ တသီး ဗမာ ၊ လွတ်မြောက်ရာမျှော် ၊ တပ်မတော်အား ၊ ယိုးဒယားတွင် ၊ မှတ်သား ဒေါင်းရုပ် ၊ အဟုတ်အ၀ါ ၊ တစ်ခါ အစိမ်း ၊ ထပ်လိမ်း အနီ၊ သုံးရောင်ချီ၍၊
အောင်ရည် မင်္ဂလာ ၊ လက္ခဏာဖြင့် ၊ အလံလွင့်ထူ ၊ ဖွဲ့စည်းဟူ၏ ။ ထိုမူသင်တန်း ၊ ဆင်မြန်းပြီးခါ၊ ပြည်ဗမာကို ၊ မင်္ဂလာအောင်ခွန်း ၊ သြဘာညွှန်း၍၊ မြောက်စွန်း မဲဆောက်၊ တထောက် အငူ၊ တမူ မြစ်သာ ၊ စစ်မဟာ ကို ၊ သုံးဖြာခွဲလတ်၊ နီပွန်တပ်နှင့် ၊ ချီတက်လာကာ ၊ပြည်မြန်မာရှိ၊ အင်္ဂလိကို ၊ အောင်ဆန်းဗိုလ်ချုပ် ၊ ဓိပတိ လုပ်ပြိး ၊ ကျူငုတ်ကိုဖြတ် ၊ ကျူပင်ပြတ်သို့ ၊ မုန့်ညက်တွန်းလှန် ၊ တို့နိုင်ငံကို ၊ လည်ပြန်သိမ်းတိုက် ၊ အောင်ပွဲပိုက်၏ ။ လူမိုက်ဗြိတိ ၊ ထွက်ခွါဘိလျှင် ၊ ကျန်ရှိဖက်ဆစ်၊ ဂျပန်ညစ်သည်၊ မစစ် တုပေး၊ လွတ်လပ်ရေးကြောင့်၊
မအေးစိတ်ဝမ်း ၊ ရင်ကိုခြမ်းလျှက် ၊ နေလှန်းဆားနယ်၊ နှိပ်စက်ကယ်သို့ ၊ လူလည် စိတ်ပုတ် ၊ ဂျပန်ယုတ်အား ၊ တွန်းထုတ်တော်လှန်၊ မောင်းထုတ်ရန်ကို ၊ ပြည်မြန် တပ်များ ၊ ပြော၍ကြားပြီး၊ တခြား ဗြိတိ၊ ပေးယူညှိကာ ၊ မိစ္ဆာ ဂျပန်၊တွန်းထုတ်လှန်၏ ။ ဤကြံဗျူဟာ ၊ ၀င်္ကပါ ကို ၊ ကမ္ဘာတစ်ဝှမ်း ၊ နိုင်ငံနန်း၌ ၊ အောင်ဆန်းဗိုလ်ချုပ် ၊ ဝေဖန်ထုတ်၍ ၊ တစ်ဆုပ်ကိုပင် ၊ တစ်ထုတ်ထင်ပြီး ၊ စစ်ရေစီး၌ ၊ အားကြီးဂျပန် ၊ ပူးပေါင်းကြံ၍၊ တဖန် အားပေါ့ ၊ အင်အားလျှော့မှ ၊ ၀မ်းက ပျော့လို ၊ ခါးနာလိုနှင့် ၊ နောက်ကိုရစ်ပြန်၊
တဖန် အင်္ဂလိပ်၊ လက်တွဲချိတ်လျှက်၊ ပုံ - လိပ်လိုမျိုး၊ ကိုယ့်ဘက်ပျိုး၍၊ အားကိုးထားရာ ၊ ယုတ်ညစ်သာ၏ ။ ဘယ်မှာ ဘယ်သူ ၊ ဘယ်လူပင်ပြော ၊ စိတ်မနောတွင် ၊ မညှိုးလျှင်ဘူး၊ အချစ်ဦးတွက၊် ထိုအချက်နှင့်၊ စစ်ဘက်စစ်ရာ၊ ထိုနှစ်ဖြာ သည်၊ ဘယ်ခါတရား၊မရှိငြား ဟု ၊ မှတ်သားပဏ္ဍိ၊ ပြောဆို၏ရှင့်။ ပြည်သိ ဗိုလ်ချုပ်၊ ထိုအလုပ်သည်၊ တခြားပြည်ပေါ် ၊ ရန်သူခေါ်လည်း ၊ တနဲ မြန်မာ ၊ တို့ပြည်သာတွင် ၊ သူလျှင် လူစွမ်း ၊ စံနန်းပေါ်ညောင်း ၊ သူရဲကောင်း ဟု၊ ထပ်လောင်းချီးမြှင့် ၊ ဂုဏ်ပြုလင့်၏  ။ ထိုဖြင့်တစ်ခန်း၊ဗိုလ်အောင်ဆန်းသည်၊ ဥဒါန်း မော်ကွန်း၊ အသစ်ထွန်း၍၊ မယွန်းမြန်မာ၊ လွတ်လပ်သာရန်၊ အင်္ဂလန်တွင်၊ သစ္စံ ကတိ၊ ကောင်းစွာညှိ လစ်၊ တစ်နှစ်အတွင်း၊ လွတ်လပ်ခြင်းကို ၊ မညင်းတကယ် ၊ပေးပါမယ် ဟု၊ ရင်ဝယ်နှလုံး၊ လှိုက်လှိုက်ပြုံးတတ်၊ အောင်ဆန်း အက်တလီ၊
စာချုပ်တည်၍၊ ထိုသည် စည်းကမ်း၊ သတ်မှတ် လမ်းသည်၊ တောင်တန်းဒေသ ၊ ပြည်မ နှစ်ခု ၊ ပေါင်းကာစု၍ ၊ ညီမှု အယူ၊ စိတ်ချင်းတူမှ ၊ လုံးဝ လွတ်လပ်၊ မနှောက်ယှက်ဟု၊ နန်းရင်းအက်တလီ၊ဆိုခဲ့သည်ကြောင့်၊ ရှမ်းပြည် တောင်ပိုင်း၊ မြူမှုန်ဆိုင်းရစ်၊ မို့မှိုင်း လွှမ်းခြုံ၊မြို့ပင်လုံ၌ ၊ ရှစ်စုံတိုင်းရင်း ၊ ချင်းနှင့် ကရင်၊ကချင် -မွန်-ရှမ်း ၊ တင့်မြန်း ကယား၊ တပါး ဗမာ၊ တစ်ခါ ရခိုင်၊ ခေါင်းချင်းဆိုင်၍၊ မဏ္ဍိုင် သစ်ဆီ ၊ ဦတက်ချီသွေး၊ တစ်ကိုးလေးခွန်၊ ဆယ့်နှစ်မွန်ရက်၊ ဖေဖော်- မြတ်ထ၊ ထိုသည့်လကြုံ၊ ပင်လုံစာချုပ်၊ လက်မှတ်ထုတ်ကာ၊
အဟုတ်ပြည်ထောင် ၊ ဦး၍ ဆောင်ပြီ ၊ သူသည် ဗိုလ်ချုပ် အောင်ဆန်းတည်း  ။            ။

ဗိုလ်ချုပ်အောင်ဆန်း၊ ပြည်ချစ်ပန်းသည်၊ ပွင့်လန်းပြီမှ၊အစပြု၍၊ မမွေ့အတ္တ၊ ပရ ကိုသာ၊ လျှော်မွေ့ရာ၏။
ပထဗျာ မြေကြီး၊ ထုထည်မှီးကာ၊ သတ္တ၀ါများ ၊ရှင်လာသက်ဆက်၊ရှိခဲ့လတ်သို့၊ စင်စစ်ထို့တူ၊ ပမာယူဆောင်၊သခင်အောင်ဆန်း၊ရှေ့ဆောင်လမ်းပြ၊ အမိုက်မှ လင်း၊ ခေါ်ဆောင်လျဉ်း၍၊မယွင်းဖက်ဆစ်၊ ကိုလိုနစ် မှ၊ ကယ်တင်ထကြောင့်၊ ပြည်မဗမာ၊တောင်တန်းကာခြား၊
တိုင်းရင်းသားတို့၊ရှိငြားနှလုံး၊စိတ်ဝမ်းဆုံးထိ၊
ကြည်ညိုဘိ၍၊ထို၏ကျေးဇူး၊ အောက်မေ့ဦးချိန်၊ လရောင်မှိန်အောင် ၊ တိမ်တိုက်ဆောင်ကာ၊ ဖုံးလွှမ်းရှာသို့၊ သမာ မဟုတ်၊ သူယုတ်လမ်းစဉ်၊ ခွေးပင်မလျှောက်၊ ထိုလမ်းကောက်အား၊ ငနွား ဦးစော၊ မက်မောအာဏာ၊ မဟာလောဘ၊ မြိုက်မီးထ၍၊ဘာမျှမမြင်၊အဟုတ်ထင်ပြီး၊လမ်းစဉ်အမှား၊အသားလောက်ထွက်၊ လောဘခက်ကြောင့်၊

 နေ့ရက်ဆယ့်ကိုး၊ ဇူလိုင်မိုးလ ၊တစ်ကိုးလေးခွန်(၁၉၄၇)၊လေပြင်းမွှန်၍၊စနေနေ့ဝယ်၊ တစ်ဆယ်နာရီ၊ တစ်သီ မိနစ်၊ သုံးခွန်ဖြစ်၍(၃၇)၊ပြည်ချစ်သည်းချာ၊ အာဇာနည်မျိုး၊နိုင်ငံကျိုးဆောင်၊
ဗိုလ်ချုပ်အောင်ဆန်း၊ တခန်း ဘ၀င်း ၊တသင်း ဘချို ၊ တသို ဘခိုင်၊ တလှိုင် ရာဇာတ်၊ တခက် သခင်မြ၊ တရားမျှလွန်၊ မိုင်းပွန်စော်ဘွား ၊ ခေါ်င်းဆောင်များနှင့်၊ တခြားရဲဘော် ၊ ကိုထွေးခေါ်သည့်၊ သက်တော်စောင့်ကဲ၊ သူရဲကောင်းကို၊ မိစ္ဆာလိုဆိုး၊ အတ္တကျိုးတွက်၊ ပြည်ညှိုးထောက်ဆ၊ မကြည့်ကြဘူး၊ ငါရ ငါယူ၊ ငါမူ ဘုရင်၊ အာဏာရှင်ဟု၊ မာန်လျှင်ဝင့်တက်၊ တရားပျက်ဖြင့်၊ သေနတ်ကျည်ဆံ၊ လူလားပြန်၍၊ သေရန်ပစ်ခတ်၊လူကိုသတ်၏ ။
နံနက်ထိုနေ့၊ ကျည်ယမ်းငွေ့ကြောင့်၊ တရွေ့ပြည်သူ၊ များဗိုလ်လူသည်၊ စိတ်မူဒေါသ၊ အုံကာထလျက်၊ ကျွတ်ကျွတ်ဆူညံ၊ ကဲ့ရဲ့သံနှင့်၊ တဖန်ဦးစော ၊ ငါသတ်လော ဟု၊ ၀စော စကား ၊ အော်ကာ ကြား၍၊ တခြားဗိုလ်ချုပ်၊ ကလာပ်ရုပ်ကို၊ ကောင်းထုတ်သေချာ၊ ဂါရ၀ါဖြင့်၊ ပမာ ဆွေမိုး၊ ဖြိုင်ဖြိုင်ဖြိုးသို့ ၊ သွန်းမိုးမျက်ရည်၊ မှိုင်ထွေထွေနှင့်၊ မကျေမနပ်၊ မြည်တွန်လျှက်တီး၊ စုတ်ကြီးတသတ်၊ တောက်ခေါက်လျက်သာ ၊ငိုကြွေးရာ၏။
နိယာမ လွဲ၊ မမြဲ သင်္ခါ၊ ဤခန္ဓာသည်၊ မကြာခဏ၊ ၀ိညာဏ နှင့်၊ ကင်းပြတ်လင့်၍၊ ပူဆင့်ဗျာဗွေ၊ ရှိခဲ့ချေလည်း၊ မြေခဲ သြဇာ၊ သြ၀ါဒါနှင့်၊အာဏာတစ်ခု၊ လမ်းညွှန်မှုသည်၊ပျက်လုကမ္ဘာ၊ ဖြစ်ခဲ့ပါလည်း၊ ဘယ်ခါမပျက် ခေတ်ဆက်ဆက်ထိ၊ နာလျှက်ခံယူ လူတိုင်းတည်း။

မြန်မာသခင်၊ စစ်ဘုရင်၏၊ ဖြစ်စဉ် ကျဉ်းခဏ်း၊ လင်္ကာ ပန်းကုံး၊ အဆုံး နိဂမတ် ၊ ကမ္ပတ် သတ်ပြီ ၊ ဤသည် နိဋ္ဌိတံ အပြီးတည်း။       ။။



============================================================
                                    ခက်ဆစ်
လေးလီကျွန်းထက် = ကျွန်းကြီးလေးကျွန်း
မီနာမီ =                 ဂျင်နရယ် မီနာမီ၊ ကာနယ်ဆူဇူကီး ၊ ဗိုလ်မိုးကြိုး
သီဟ သတ္တိ          = ခြင်္သေ့လိုသတ္တိရှိသူ
ကိုလိုလက်အောက် = ကိုလိုလက်အောက် (နယ်ချဲ့)
ဘုရားဌာပနာ        = ဘုရားအတွင်းထည့်ဝင်လှူဒါန်း ထားသည့် ဌာပနာခေါ် အဖိုးတန်သောပစ္စည်းများ
ကိုလိုနီ                = နယ်ချဲ့အင်္ဂလိပ်
ဖက်ဆစ်              = ဂျပန်
အကု ယစ်တို့        = အကုသိုလ်တို့ဖြင့် ယစ်မူးနေသူ
အတ္ထုပ္ပတ္တိ             = အကြောင်းတရားဖြစ်ခြင်း ( ဘ၀ဖြစ်ပုံ )
ကောဇာ               = မြန်မာသက္ကရာဇ်
ဆယ့်သုံးဗီဇနာ------လ------ခြောက် နာရီတွင်      =  ဗိုလ်ချုပ်မွေးနေ့ ဇာတာ အဟော
နဂါးနေ့               =   စနေနေ့
ပမာ နေမင်း          =   ဥပမာ- နေမင်း
တထာ                 = တထာ( ပါဠိ ) ထို့အတူ ( မြန်မာပြန်)
ကရာဇ်                 =  ဧကရာဇ်
ထက်ဆွေ              =  အထက်ဆွေမျိုးများ
သူပြီးတစ်ယောက်     = တစ်ယောက်ပြီးတစ်ယောက်
နှစ်ဆယ်ကိုးခု           =  ဖော်မိုဆာကျွန်း ၊ ဟိုင်နန်ကျွန်း၌ စစ်ပညာ သင်ကြားရာတွင် ( ၂ ၉ ) ဦးသာရှိသည်။                   တပ်မတော်ဖွဲ့စည်းမှ သခင်ထွန်းအုပ် ပါ ပါလာ၍ ( ၃ ) ကျိပ်ဖြစ်သွားသည်။
အငူ                  = ၀ိတိုရိယ အငူ ( စစ်ကြောင်းသုံးကြောင်းခွဲပြိး ၀င်လာရာ ၁။ မဲဆောက်     ၂။ ၀ိတိုရိယ အငူ      ၃။    မြစ်သာ တို့မှ ဖြစ်သည်။
နီပွန်တပ်                = ဂျပန်စစ်တပ်အမည်
ဓိပတိ                    =  ခေါင်းဆောင်
ဗျူဟာ                   =  သေနင်္ဂ ဗျူဟာ ( စစ်တိုက်ခြင်း နည်းပညာ )
ဝင်္ကပါ                   =  အကောက်အကွေ့
ပုံ - လိပ်လိုမျိုး         =  ပုံပမာအားဖြင့် လိပ်လိုလူမျိုး
မမွေ့အတ္တ              =  အတ္တဟိတကို မမွေ့လျှော်
ပရ                       =  ပရဟိတ
ပထဗျာ                  = မြေကြီး
ဝစော                    = စကား
ကလာပ်ရုပ်              = ဗိုလ်ချုပ်၏ ရုပ်ကလာပ်
ဂါရ၀ါဖြင့်                  =  ရိုသေစွာဖြင့်
မမြဲသင်္ခါ                 = မမြဲသော သင်္ခါရတရား
သြ၀ါဒါ                    =  အဆုံးအမ   

++++++++++++++++++++++++++++++++++++++++++++++++++

ခေါင်းဆောင်ကြီးများ၏ အမည်ကို ဂုဏ်ထူးဝိသေသမတပ်ပဲ အမည်အတိုင်းသာ ရေးသားမိ၍ ကာရန်အတွက်မို့ ခွင့်လွတ်စေချင်ပါကြောင်းးးးးးးး

ဝန်ခံချက် ။        ။   ဤစာမူသည် ကိုယ်တိုင်ရေးစာဖြစ်ကြောင်း နှင့် မည်သည့် စာနယ်ဇင်းမှ ပေးပို့ထားခြင်း

                           မရှိပါကြောင်း  ။     ။

ကဗျာအမျိုးအစား  ။       ။      လင်္ကာ

လေးစားစွာဖြင့်

မိန်နွေ

27.7.2013 PM: 12:10:00

0 comments:

Post a Comment