Sunday, March 3, 2013

ကဖေးဆိုင်တစ်ခုမှ လွတ်နေသော ထိုင်ခုံများအကြောင်း


သူငယ်ချင်းရေ--
ငါလည်း
ဆရာ့ဆရာကြီးတွေလို
ဇာတ်မြုပ်ပျောက်ကွယ် ကွဲကွာနေတဲ့ သူငယ်ချင်းတွေ ပြန်တွေပေါင်းစည်းဖို့
ဆုံဆည်းရာ--လို့ ကိုယ့်ဘာသာနာမည်ပေးပြီး
ကဖေးဆိုင်တစ်ခုကို ကားလိပ်ချဖွင့်လှစ်လိုက်ပါတယ် ။
ဘယ်လိုလဲ သူငယ်ချင်း--
မင်းတို့က
ဘယ်အရပ်က တိုက်ခိုက်လာတဲ့ အတွေးတွေနဲ့
ဘယ်လိုညမျိုးတွေ ဖြတ်ကျော်နေရတာလဲ
မင်းတို့မရှိတဲ့ တိတ်ဆိတ်မှုအောက်မှာ
အရင်လို ငါ့ခံစားချက်တွေ မီးညှိဖို့
ထိုင်ခုံအလွတ်တွေနဲ့ ပြာမခြွေရသေးတဲ့ ဆေးလိပ်တွေက လွဲပြီး
ဘာဆိုဘာမှ မရှိဘူး ။
အဆုံးမရှိတဲ့
အဝေးပြေးလမ်းမကြီးအကြောင်းတွေ
အချိန်မှန်မှန်မပွင့်တဲ့
အဆောင်ဘေးက ပိတောက်ပင်အကြောင်းတွေ
ပြီးတော့---
အဆောင်လခ မှန်မှန်မပေးနိုင်လို့
စွာကျယ် စွာကျယ်--လုပ်တဲ့ အဆောင်ပိုင်ရှင်အပျိုကြီးရဲ့ အတင်းတွေ
မစားရ ၀ခမန်းလိလိ ၊ အချိန်လုပြီး ငါတို့ ပြောခဲ့တာတွေလေ
ခုတော့
တိတ်ဆိတ်မှုတွေဟာ တစ္ဆေ ၊ သရဲလိုပဲ
အမြဲတမ်း ခြောက်လှန့်နေတယ် ။
`` မင်းက --ငတ်ပြီးသေမယ့်ကောင် ၊ ဒီမှာ
ကဗျာက ထမင်းမကျွေးဘူးကွ ´´
`` သူငယ်ချင်း--ငါ့အိတ်ကပ်ထဲက သစ်ပင်ကို
မင်း ကြိုက်သလိုဖူးပွင့်စေနိုင်တယ် ၊
ငါ့ခေါင်းရင်းက အိပ်မက်တွေကို
မင်း တစ်စစီ ဆွဲဖြဲပစ်လို့ရတယ် ၊
မင်းတို့ရဲ့ စကားလုံးတွေက
အေးဆက်ပြီး ၊ ခါးသက်တဲ့ ဘီယာအမြုပ်တွေလို
ဟန်မဆောင်နိုင်တဲ့ အရက်ပုလင်းနဲ့ ယင်အုံနေတဲ့ အမြည်းတွေ ဖြစ်နေပါစေ
ငါ ပြုံးပြုံးလေးရယ်နိုင်တယ်။
ငါရေလောင်းပေးလိုက်တဲ့ ကဗျာကို
အဆင်ပြေသလို ဝေဖန်လို့ ရတယ် ။
ကဗျာတစ်ပုဒ် ဘယ်လောက်ရလဲ လို့ မေးတဲ့ သူကို
ငါ---အရမ်းမုန်းတယ် ။
ကဗျာရေးတာ ပိုက်ဆံအတွက်မဟုတ်ဘူး ၊။
ကမ္ဘာပေါ်မှာ ကဗျာရေးတဲ့ သူ
ကဗျာဖတ်တဲ့သူ ၊ ကဗျာကို တကယ်ချစ်မြတ်နိုးတဲ့ သူတိုင်းဟာ
နှလုံးသားမညံ့ကြဘူး ´´
သူငယ်ချင်း===
ငါတို့ ရန်မဖြစ်ကြပေမယ့်
အမြဲတမ်း ငြင်းခုံနေတတ်ကြတယ် ။
ငါတို့ အိပ်ယာထ နောက်ကျပေမယ့်
တစ်ယောက်နဲ့တစ်ယောက်ဖေးမခဲ့ကြတာပဲ ၊။
နီးတကျက်ကျက်၊ ဝေးတသသ ဆိုသလို
ကံကြမ္မာရဲ့ ကြိုးဆွဲရာအတိုင်း ကရတဲ့ အချိန်ရောက်မှ
အဲဒီ ငြင်းခုံရတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားတာကိုပဲ နှမြောနေတတ်ပြီ ။
ဘယ်လိုလဲ သူငယ်ချင်း----
မင်းတို့ ရနံ့တွေက
ဘယ်အတွက်သင်းပျံ့နေတာလဲ ။
အမိမြေရဲ့ သယံဇာတတွေ သုံးပြီး
သွေးမစပ်တဲ့ အရပ်မှာ သွေးဖောက်တိုင်းကစားနေကြတာ
ကြာလာတော့
မင်းတို့အစား ငါ့ကိုယ်ငါ လိပ်ပြာမသန့်တော့ဘူး ။
မိုးမျှော်တိုက်ကြီးတွေကြားက သူငယ်ချင်းရေ--------
စာမလာ၊ ဖုန်းမဆက်
ပါ့စ်ဝါ့စ် ချိန်းခံလိုက်ရတဲ့ အကောင့်တွေနဲ့
မင်းတို့နဲ့ မတွေ့ဆုံနိုင်တာ
ခုဆိုရင်
ပိတောက်ပွင့်တွေ ကြွေတာတောင်သုံးကြိမ်ရှိပြီ။
မင်းတို့နဲ့ ဝေးကွာနေပေမယ့်
စိတ်ပြေလက်ပျောက် ထိုင်တတ်တဲ့ ကန်ဘောင်ပေါ်မှာ
ခုချိန်ထိ ငါတစ်ယောက်တည်း ပဲ ၊။
မြက်ခင်းမရှိတဲ့ ဘောလုံးကွင်းထဲမှာ
ခုချိန်ထိ ငါတစ်ယောက်တည်းပဲ ။
ထုတ်ဆီးတိုးတမ်း ကစားခဲ့တဲ့ မြေကွက်လပ်လေးမှာ
ခုချိန်ထိ ငါတစ်ယောက်တည်းပဲ ။
တူးတူပုန်းတမ်းကစားခဲ့တဲ့ ရပ်ကွက်အိုကြီးထဲမှာ
ခုချိန်ထိ ငါတစ်ယောက်တည်းပဲ ။
မင်းတို့ကို လွမ်းဆွတ်တိုင်း
လမိုက်ညရဲ့ ကြယ်တွေရေတွက်နေခဲ့တာ
ခုတော့
အကျင့်တစ်ခုလိုဖြစ်နေပြီ ။
သူငယ်ချင်းရေ---
အနော်မာကမ်းဘေးမှာ ယသော်ဓရာ လွမ်းဆွေးသလို
သင်္ကေတ မရှိတဲ့ အမှတ်စဉ်တွေနဲ့
ငါ့ဘေးမှာ လွတ်နေတဲ့ ထိုင်ခုံတွေကြည့်ရင်း
ငါရွတ်နေတဲ့ ဂါထာတစ်ပုဒ်ရှိတယ် ။
`` ငါတို့ပြန်လည်ဆုံဆည်းကြရအောင်´´
  ``ငါတို့ ပြန်လည်တွေ့ဆုံကြရအောင်
ငါတို့
ဟောဒီစားပွဲဝိုင်းမှာပဲ
ပြန်လည်ရယ်မောကြရအောင် ။။။

မှတ်ချက်----သူငယ်ချင်း ပါကျဲ့၊ ငွေမိုး ၊ နေမျိုးနွယ်၊ ကြယ်စင်လင်း ( ချောင်းဦး) ၊ ငမှဲ့ (မော်လမြိုင်ကျွန်း )
ကိုသူ ၊ ၀င်းမင်းစိုး ၊ အောင်ဆန်းဦး ၊ ကျော်စွာဝင်း ၊ ဇော်မင်းလွင် ၊
သို့----------
--------------
လမင်းကဲ့သို့ အေးမြတဲ့
လူသား
----------မှ



လေးစားစွာဖြင့်-------မိန်နွေ

0 comments:

Post a Comment