Tuesday, February 26, 2013

``မမှည့်ခင်ကြွေသော သရက်ကင်းများ ´´



          အခန်းတွင်းနေထိုင်ရသည်မှာ အလွန်ငြီးငွေ့လာသောကြောင့် ပက်လက်ကုလားထိုင်တစ်လုံးကိုယူကာ ခြံထဲဆင်းလာသည်။ မော်လမြိုင်သည် အညာဒေသမဟုတ်သော်လည်း နွေဦး၏ ရူးသွပ်သောလေကြောင့် ခြံထဲရှိ အုန်းပင် ၊ ကွမ်းသီးပင် ၊ သရက်စသည့်အပင်ကြီးများသည် လေယူရာ ယိမ်းနွဲ့နေကြသည်။ ကျွန်တော်တည်းခိုရာ သာယာအေးရပ်ကွက်သည် ဆိတ်ငြိမ်ရပ်ကွက်မဟုတ်သော်လည်း အခြေခံလူတန်းစားတို့၏ နေရာဒေသဖြစ်သောကြောင့် လေတိုက်သံကလွဲ၍ အခြားသော အသံဗလံများသိပ်ပြီးမကြားရ ။ ခြွင်းချက်အားဖြင့် ပုဏ္ဏားရိပ်တို့အောက်က ဂျစ္စမီခေါ် အယ်ဇေးရှင်းခွေးငယ်လေးနှင့် မီနာခေါ် ကြောင်ငယ်လေးတို့ကစားနေသည့်အသံသာလျှင် ကြားနေရသည်။
          တိတ်ဆိတ်ငြိမ်သက်မှု၏ လှုံ့ဆော်မှုကြောင့် ကျွန်ုပ်၏စိတ်ထဲတွင် စာရေးချင်စိတ်တဖွားဖွားပေါ်ပေါက်လာသည်။  သို့သော်လည်း ပြဿနာက ရှိနေသည်။ ၄င်းမှာ ရေးစရာတွေက များနေ၍ မည်သည့်အကြောင်းအရာကို ရေးရမည်မသိ။ ယင်းပြဿနာအတွက် အချိန်အနည်းငယ်ယူကာ စဉ်းစားလိုက်သည်။ ပြီးနောက် မနေ့က ( 22/2/2013) ကျိုက္ခမီရေလည်ဘုရားနှင့် စက်စဲသွားရာတွင် တွေ့ကြုံခဲ့ရသည့် အကြောင်းအရာများကို ရေးသားရန် ဆုံးဖြတ်လိုက်တော့သည်။
                        Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
          ကျွန်ုပ်တို့၏ ချယ်ရီဂရုပ် ကားလေးသည် မော်လမြိုင်မြို့လယ်မှ မုဒုံမြို့သွားသည့် လမ်းမကြီးပေါ်တွင် ခပ်မှန်မှန်မောင်းနှင်လာသည်။ လမ်းမကြီး၏ ဘယ်ဘက်တွင် ဖူးငုံများသီတန်းနေသော ကံ့ကော်ပင်ပျိုတို့က သည်လမ်းမကြီးကို တန်ဆာဆင်ထားသည့်နှယ်။ ကျွန်ုပ်၏ မျက်လုံးများကို ကံ့ကော်ပင်ရှိရာသို့ ကစားကြည့်လိုက်သည်။ နည်းပညာတက္ကသိုလ့်
မှန်သည် မော်လမြိုင်မြို့၏ နည်းပညာတက္ကသိုလ်ကို ကံ့ကော်ပင်များဖြင့် ထုဆစ်ပုံဖော်ထားသည်။ ကံ့ကော်ပင်၏အောက်တွင် လမ်းလျှောက်နေသော စုံတွဲလေးများကို မြင်မိသော် ဆင်းရဲနုံ့ချာ၍ ကျောင်းတတ်ရန် ငွေမတတ်နိုင်သော မိမိဘ၀ကို စိတ်ပျက်အားငယ်မိသည်။ စုံတွဲများကိုမြင်၍ အားကျသည်ကား မဟုတ်။ လုံးဝမဟုတ်ချေ။ ၄င်းကောင်းကျောင်းသားတို့ကဲ့သို့ အထက်တန်းကျကျ ပညာရပ်များကို မဆည်းပူးခဲ့ရသောကြောင့်သာ အားငယ်မိသည်။
          ပြေးနေသော ကားငယ်လေး၏ လျော့သွားသော အရှိန်ကြောင့် ကျွန်ုပ်၏ အတွေးစများ ပျက်ပြယ်ကုန်သည်။ အော့့်မြို့ဝင်ကျေးတောင်းခံသော တိုးဂိတ်ကို ရောက်နေပါပကော။
( မှတ်ချက့့်ဤစာမူအတွက် လိုအပ်သည်များကိုသာလျှင် ရေးသားပါမည်။ နောက်များမှ ခရီးသွားဆောင်းပါးကို ဖတ်ရှုသူမိတ်ဆွေတို့ ဗဟုသုတရရန်အလို့ငှါ ရေးသားမည်ဖြစ်ပါကြောင့်း့မိန်နွေ )
          မော်လမြိုင်မြို့မှအထွက်တွင် နုပျိုသောရော်ဘာပင်တို့၏ ရနံ့ကား သင်းပျံ့နေသည်။ မြူခိုးဝေနေသော တောင်တန်းကြီးကား လွမ်းမောဖွယ်ရှုမဆုံးတော့ ။ အကွေ့အကောက် ၊ အနိမ့်အမြင့် မူမမှန်သော ကားလမ်းလေးအတိုင်းမောင်းနှင်လာရာ မုဒုံမြို့လေးသို့ နေ့လည်( ၁း ၃၀)တွင် ရောက်ရှီလာသည်။  မုဒုံမြို့လေးမှ နွေးထွေးစွာကြိုဆိုပါ၏့ဟူသောဆိုင်းဘုတ်မှ ပလက်ဖောင်းလမ်းမကြီးတစ်လျှောက် စိမ်းနုသောမြက်ခမ်းပြင်နှင့် လှပသော ပန်းပင်တို့စိုက်ထားသည်က ရင်ထဲတွင် တစ်မျိုးကြည်နူးစေသည် မုဒုံမြို့လေး၏ အလယ်တွင် ကိန္နရီ၊ ကိန္နရာမောင်နှံ၏ ကနေသောဟန်ပန်ကို သဘာဝကျကျ ထုဆစ်ထားသည်။ အကြောင်းအဓိပ္ပါယ်ကား မည်သို့ရှိမည်ကို ကျွန်ုပ်မသိချေ။
          မြို့အထွက်တွင် ကန်ကလေးဥယျာဉ်ခြံကလည်း မြို့၏ လှပသော ဂုဏ်ကျက်သရေကို တစ်မျိုးတစ်မည် ယူဆောင်ထားသလို။ ၀င်းကမော့ရွာက ခပ်ရခပ်ယူစေတီ( စေတီဟုသာဆိုသော်လည်း ကျွန်ုပ်ကားပေါ်မှကြည့်ရာ ကြီးမားသော ရုပ်ပွားတော်သာတွေ့ရသည်) တော်ကလည်း အထူးကြည်ညိုဖွယ်ကောင်းနေသည်။
          မြူခိုးတွေဝေနေသော တောင်ရံအထပ်ထပ်ကို ကျော်ဖြတ်၍ သံဖြူဇရပ်မြို့လေးကို နေ့လည်( ၂း၁၅)မိနစ်တွင် ရောက်သည်။ မြို့လယ်၏ နာရီစင်အနောက်ဖက်တွင် လွန်ခဲ့သည့် လအနည်းငယ်က လောင်ကျွမ်းခဲ့သော ဈေးသည် ယခုမူ မီးလောင်ကွင်းအဖြစ်သာ ရှိသေးသည်။ ယင်းမီးလောင်ရာတွင် ဘယ်သူ့ကြောင့်လောင်သည်ဟု တိတိကျကျ မသိရသေးဟုလည်း ကြားရသည်။
          မြို့လယ်နာရီစင်မှ လက်ယာဘက်အတိုင်းချိုး၍လာခဲ့ရာ ကျိုက္ခမီမြို့လေးသို့ နေ့လည်( ၃း ၃၀)တွင် ရောက်ရှိခဲ့သည်။ ကျိုက္ခမီရေလည်ဘုရားနှင့် စက်စဲသွားရာ လမ်းခွဲတွင် တြိဂံပုံစံ ကျောက်အုတ်များဖြင့် အလယ်တွင် စက္ကူပန်းအနီရောင်၊ သုံးဖက်သုံးနားတွင်တော့ စက္ကူပန်းအ၀ါရောင်ပင်တို့ စိုက်ထူကာ လမ်းညွှန်ထားသည်။ ထို့နောက် ကျိုက္ခမီရေလည်ဘုရားသို့ အရင်ဦးစွာသွား၍ ပြီးမှ စက်စဲကမ်းခြေသို့ သွားခဲ့ကြသည်။
          စက်စဲ့
စက်စဲတွင် ကျွန်ုပ်တို့ပျော်သည်။ ကျွန်ုပ်တို့ဆိုသည်မှာ ကိုသူ၊ ဆန်းလင်း ၊ ကားဒရိုင်ဘာနှင့် တောရွာမှပါလာသည့် ဦးညီခင်၊ ဦးသာထူးတို့ဖြစ်သည်။ ကားမောင်သူသည် ကားကို ယဉ်ရပ်နားစခန်းတွင် မထားရစ်ပဲ သဲသောင်ခုံပြင်ပေါ်သို့ တစ်ချိုးတည်းမောင်းနှင်လာခဲ့သည်။ သဲသောင်ပြင်တွင်တော့ ဘောလုံးကန်သူ၊ ဆိုင်ကယ်စီးသူ ၊ ဆိုင်ကယ်စတန့်ပြသူ၊ မြင်းစီးသူများဖြင့် ပြည့်နေသည်။
          ကျွန်ုပ်တို့စီးနင်းလာသည့် ချယ်ရီဂရုပ်ကားလေးသည် ရေစပ်ထိအောင် မောင်းနှင်၍ ယင်းရေစပ်အတိုင်းတောင်နှင့်မြောက် သို့ အဖန်ဖန်စီးနင်းကြသည် ။
( ၀န်ခံချက်။    ။ ကျွန်တော်ကမ်းစပ်အရောက်တွင် အရပ်မျက်နှာကို ကောင်းကောင်းမမှတ်မိ၊။ မျက်စိလည်ကာ အမှတ်မှားနေသည်။ နေ၀န်းက ပင်လယ်ပြင်နောက်သို့ ငုတ်လျှိုးသွားသောကြောင့် ရေစပ်သည် တောင်နှင့်မြောက်ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။)
          နိုင်ငံခြားခရီးသွားဧည့်သည်အချို့နှင့် လူငယ်တော်တော်များများ သဲသောင်ပြင်တွင် စော့သူစော့၊ ရေချိုးသူချိုးနှင့်။ ကျွန်ုပ်တို့လည်း ကားပေါ်မှဆင်းကာ ရေချိုးရင်းကစားကြသည်။ ကျွန်ုပ်ကား မြင်းစီးခြင်းဝါသနာထုံသူဖြစ်သည့်အလျောက် မြင်းစီးရန် မြင်းထိန်းတို့ဆီ ငှါး၇မ်းခဲ့သည်။ မြင်းကား သန်မာထွားကျိုင်းသော်လည်း မြင်းထိန်းကား စာသင်အရွယ်ကလေးငယ်ငယ်လေးသာ ဖြစ်နေသည်။ ထိုကလေးငယ်ကို ကြည့်၍ ကျွန်ုပ်အင်မတန်ဝမ်းနည်းလာသည်။  သူ၏ဘ၀အကြောင်းကိုလည်း လေ့လာချင်မိ၍ အငြိမ်မနေတတ်သော စပ်စုမှုက မေးခွန်းများအဖြစ် အသွင်ပြောင်းလိုက်တော့သည်။
` ညီလေးနာမည်သိလို့ရမလား ´
` ထွဋ်ခေါင်ပါ´
` ထွဋ်ခေါင့် ဟုတ်လား ´
` ဟုတ်´
          သည်နာမည်နဲ့ သည်ကလေး လုံးဝမလိုက်။ ဗေဒင်ဆရာများပြောသလို ပြောရမည်ဆိုလျှင် သည်ကလေး နာမည်စီးသွားတယ့်ဟုပင် ပြောရမလိုဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် နာမည်က ထွဋ်ခေါင်ဟုသာ ဆိုပေမယ့် လူပုံစံက ဆင်းရဲနုံ့ချာသောအသွင်ကို ဆောင်နေသောကြောင့်ဖြစ်သည်။ မှန်သည်။ ညစ်ထေးနေသော ဘောင်းဘီတိုတိုလေးနှင့် အနည်းငယ်နွမ်းနေသော သူ၏ လက်ပြတ်အင်္ကျီလေးက သူ၏ဘ၀ကို ထုတ်ဖော်ပြောပြနေသည်။ ဆီမလူးသော ဆံပင်က နီကျင်ကျင်ဆောင်နေပြီး ရိုးသားသော သူ၏မျက်လုံးတွေက လောက၏ဆင်းရဲဒုက္ခကို အဆမတန် ခံစားနေရသည့်သဏ္ဍာန်။
` ကျောင်းမနေဘူးလား ´
` စာသင်တဲ့ကျောင်းကို ပြောတာလား´
` အင်းလေ ၊ တခြားဘယ်ကျောင်းတွေရှိနေသေးလို့လဲ ´
` သိပါဘူး၊ မြင်းအတွက်ကျောင်းရတဲ့ မြင်းကျောင်းကိုများ ပြောတာလားလို့ ´
ထွဋ်ခေါင်က အသက်နှင့်မလိုက်အောင် စကားကို ဟာသနှောပြောသည်။ မှေးနေသော သူ၏မျက်လုံးက အနည်းငယ်ပြုံးလိုက်သောကြောင့် ပို၍ မှေးသွားပြန်သည်။
` အင်းဗျ ၊ ကျွန်တော့်ဘ၀ကို စိတ်ဝင်တစားမေးတာဆိုလို့ အစ်ကိုတစ်ယောက်ပဲရှိတယ်၊ ပြောရရင် ကျွန်တော်တို့ မိသားစုဘ၀လေးကို ဟောဒီ ပင်လယ်ကြီးက ၀ါးမြိုသွားခဲ့တာ´
` ဘယ်လို၊ ဒီပင်လယ်ကြီးက ၀ါးမြိုသွားခဲ့တာ´
          ပြုံးနေသည့်မျက်လုံးလေးက တဖန်ပြန်ပြီး လွမ်းဆွေးသယောင် ဖြစ်သွားပြန်သည်။ ထို့နောက် သက်ပြင်းကို ခပ်ရှည်ရှည်ချကာ လှိုင်းတ၀ုန်းဝုန်းထနေသော ပင်လယ်ကြီးဘက်သို့ မျက်နှာမူလိုက်သည်။ လုံးဝန်းသော နေက ပင်လယ်ပြင်၏ အနောက်ဘက်သို့ တဖြည်းဖြည်းဆုတ်ဝင်နေသည်။ ကောင်ကင်ကြီးတွင်ကား တိမ်ညွန့်၊ တိမ်နုတို့ကို ကြက်သွေးရောင်တို့ဖြင့် ဆေးချယ်ထားသည့်ပန်းချီကားတစ်ချပ်နှယ်။ လေတိုးသံနှင့် လှိုင်းသံက လွဲ၍ တခြားအသံဗလံများ သိပ်ပြီးမကြားရ။ စော့ကစားနေသော သူတို့သည်ကား ခပ်ဝေးဝေးတွင် ရှိနေကြသောကြောင့်ပင်။
          ` ဟုတ်တယ်။ ကျွန်တော်အဖေက ငါးဖမ်းသင်္ဘောမှာ ကူလီလုပ်တယ်။ တစ်နေ့တော့ ပင်လယ်ထဲ ငါးဖမ်းရင်း ရေနစ်ပြီးသေခဲ့တယ်။ အဖေက ရေကူးတတ်တယ်။ ရေးကူးကျွမ်းကျင်တယ်။ ဒါပေမယ့် အဲဒီနေ့က လုံးဝရေမကူးတတ်တဲ့ သင်္ဘောကူလီတစ်ယောက် ခြေချော်လက်ချော်ဖြစ်ပြီး ပင်လယ်ထဲ ပြုတ်ကျသွားတယ်။ အဲဒီလူကို ကယ်ရင်းနဲ့ အဖေရေနစ်ပြီး သေခဲ့ရတာ´
` ပြုတ်ကျတဲ့ သူကကော ရေမကူးတတ်ဘူးလား ´
` ဟင့်အင်း ၊ မကူးတတ်ဘူး။ သူက အညာသား။ ဒီအလုပ်လုပ်တာ တစ်ပတ်တော်မပြည့်သေးဘူး´
          လှိုင်းသံက ကျယ်လောင်လာသည်။ ပင်လယ်ထဲက လေကြမ်းကြမ်းတွေလည်း တိုက်ခတ်လို့ကောင်းတုန်း ။ နေလုံးကြီးကား အနောက်ဂေါယာကျွန်းသို့ စုန်းစုန်းနစ်မြုပ်သွားချေပြီ။ သို့သော့် အလင်းရောင်ကား မသေသေး။ သြော့်သူ၏ မျက်နှာတွင်လည်း မျက်ရည်တွေ မသေသေးပေ။
          ` ညီလေးအသက်က ´
` တစ်ဆယ့်နှစ် နှစ်ပါ။ ကျွန်တော့်အောက်မှာ ကျောင်းတတ်နေတဲ့ ညီမလေးနှစ်ယောက်ရှိတယ်။ တစ်ယောက်က သုံးတန်း ၊ နောက်တစ်ယောက်က တစ်တန်း´
` ညီလေး အမေကကော´
` အမေက ပန်းရောင်းတယ်။ ဟောဒီပင်လယ်ကြီးထဲမှာ အကုသိုလ်လုပ်ရင်း အဖေသေခဲ့တာတဲ့။ အဲဒါကြောင့် ကျွန်တော့်ကိုလည်း သင်္ဘောတွေဆီမှာ လုံးဝ မလုပ်ခိုင်းဘူး။ ဒါပေမယ့် အစ်ကိုရယ့် စားဝတ်နေရေးနဲ့ ညီမလေးတွေရဲ့ ပညာရေးက ရှိတယ် မဟုတ်လား၊ ညနေ ငါးနာရီဆိုရင် မြင်းငှါးတာ နားပြီး သင်္ဘောကျင်းမှာ ငါးသွားရွေးတယ်။ ဒါမှ ပိုက်ဆံရမှလေ ´
` အော့့် ညီလေးကို ၀မ်းနည်းစရာတွေ မေးမိပြီ´
` ရပါတယ်အစ်ကိုရယ့်။ ညီလေးလိုဘ၀မျိုးက ညီလေးတစ်ယောက်တည်း ရှီတာမှ မဟုတ်တာ။ ညီလေးလိုပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ စားပွဲထိုးလုပ်နေတဲ့ ကျွန်တော့်သူငယ်ချင်းတွေ ဟိုမှာလေ မြင်းလားအစ်ကို´
          ကမ်းပေါ်က အအေးဆိုင်တွင် စားပွဲထိုးလုပ်နေသော ကောင်းလေးတစ်ယောက်ကို လက်ညှိုးဖြင့် ထိုးပြသည်။ ထိုကလေးတွေမြင်တိုင်း ကျွန်တော့်စိတ်ထဲ အလိုလို ၀မ်းနည်းလာသည်။
` ညီလေး ကျောင်း မတတ်ချင်ဘူးလား´
` ဘယ်လို မေးလိုက်တာလဲအစ်ကိုရာ၊ ကျွန်တော် နှစ်တန်းပဲ နေခဲ့ဖူးတာ။ ကျွန်တော်ကျောင်းကထွက်လိုက်တော့ ဆရာ၊ ဆရာမတွေက လက်သင့်မခံဘူး။ ကျွန်တော်က အတန်းထဲမှာ အမြဲတမ်း ပထမဆုရခဲ့တာလေ။ ဆရာတွေက ကျွန်တော့်အတွက် ကျောင်းအပ်ခကို လုံးဝမယူဘူးတဲ့။ စာအုပ်စာတမ်းတွေလည်း သူတို့က ပေးမယ်ပြောတယ်။ ဒါပေမယ့် အမေက လက်သင့်မခံဘူး။ သိတယ်မို့လား။ အမေ့ရဲ့ ပန်းရောင်းတဲ့ငွေနဲ့ ကလေးသုံးယောက်ကို ဘယ်လိုလုပ်ကျွေးမွေးနိုင်မလဲ။ ကျွန်တော့် ကျွန်တော်မှ အလုပ်မလုပ်ရင် ကျွန်တော့်ညီမလေးတွေလည်း ကျောင်းနေရမှာမဟုတ်ဘူး´
          သည်တစ်ကြိမ်တော့ သူ မျက်ရည်တွေ ထိန်းမထားတော့။ ပင်လယ်ကြီးဘက်ကို မျက်နှာပြန်မူကာ ငိုသည်။ သည်ကလေး၏ မျက်ရည်တွေက အနာဖြစ်နေတဲ့ ကျွန်တော့်နှလုံးသားအပေါ်ကို စူးများကျလာသည့်နှယ်။ ကျွန်တော်သူ့ကို ဖက်ထားလိုက်မိသည်။ အံကို တင်းတင်းကြိတ်ထားပေမယ့် ကျွန်တော့် မျက်ဝန်းတွင်လည်း မျက်ရည်တွေ ရွာနေမည်ထင်သည်။
          ` ၀မ်းမနည်းပါနဲ့ငါ့ညီရာ ၊ ညီလေးလိုပဲ ငါလည်း ကျောင်းပြီးအောင် မနေခဲ့ရပါဘူး။ တစ်ခါတစ်လေမှာ လောကကြီးက ဆန်းကြယ်တယ်ကွ၊ ငါတို့စာမတတ်ပေမယ့် တစ်နေ့ အထက်မှာ မရောက်နိုင်ဘူးလို့ မပြောနိုင်ဘူး။ ကြိုးစားကွာ။ ယောက်ျားပဲ။ သွေးဆိုတာ နီနေမှ့´
          ကျွန်တော် အတန်ကြာအောင် သူ့ကို အားပေးနေမိသည်။ နေက ၀င်သွားသောကြောင့် အမှောင်တို့ စိုးမိုးစပြုလာသည်။ ထို့နောက် မိမိတတ်နိုင်သလောက် ငွေအနည်းငယ်ကူညီသော်လည်း သူက မယူ။ သို့သော်လည်း  မိမိနှင့် စကားပြောနေရ၍ မြင်းလည်း မငှါးရ၊ ငါးလည်း မရွေးရသောကြောင့် မြင်းငှါးခ၊ ငါးရွေးခတော့  ယူသွားပါဟု အတင်းပြောမှ ယူသွားသည်။
          နေက၀င်သွားပြီဖြစ်သောကြောင့် ကျွန်ုပ်တို့လည်း စက်စဲကမ်းခြေမှ မော်လမြိုင်သို့ ပြန်လာခဲ့သည်။ အပြန်လမ်းတွင် ရော်ဘာရနံ့တို့သင်းပျံ့နေသော်လည်း ဂရုမစိုက်အားတော့ ။ မြူတွေဝေနေသော တောင်တန်းကြီးအလှကိုလည်း စိတ်မ၀င်စားနိုင်တော့ ။ ကျွန်တော့်အတွေးထဲတွင်တော့ မမှည့်ခင်ကြွေသော သရက်ကင်းနှင့်တူသော ထိုကလေးငယ်လေးအကြောင်းကိုသာ စဉ်းစားနေမိသည်။
          မှန်သည်။ သရက်ပွင့်ပြီးစ အကင်းမျှရှိသော သရက်သီးတို့သည် နွေဦးတွင် ကဆုန်ကလျားတိုက်ခတ်သော လေရူးတို့ကြောင့် သရက်ကင်းတို့ ကြွေကျကုန်သည်။ ယင်းသရက်ကင်းကား မှန်ဖို့နေသာသာ  ရင့်တောင် မရင့်သေး။ ထို့အတူ။ အချို့သော ကလေးငယ်တို့သည် ပညာသင်ရမည့်အချိန် အမျိုးမျိုးသော အကြောင်းတို့ကြောင့် ပညာမသင်ရပဲ လုပ်ငန်းခွင်တွင် ၀င်နေကြရသည်။ ထိုကလေးငယ်တို့သည် အသက်နှင့်မမျှ ။ အရွယ်နှင့် မညီသော ဒုက္ခကို ခါးစီးပြီး ခံနေကြရသည်။ သူတို့လည်း မမှည့်ခင်ကြွေသော သရက်ကင်းနှင့် ဘာထူးတော့မည်နည်း။
          ထို့နောက်တွင်ကာ့းကျွန်ုပ်တို့၏ ခဲပုပ်ရောင် ချယ်ရီဂရုပ် ကားငယ်လေးသည် လှိုင်းပုပ်သံ ကျယ်လောင်သော ( စက်စဲကမ်းခြေ) ပင်လယ်ကြီးမှ ဝေသထက် ဝေးလာလေတော့သတည့်း။။။။။။။။ူ

မှတ်ချက်။     ။ ဆင်းရဲနွမ်းပါးသော ကလေးငယ်တို့အား ကူညီစောင့်ရှောက်မှု အားကောင်းလာစေရန် ရည်ရွယ်၍့။

လေးစားစွာဖြင့်
မိန်နွေ
26.2.2013

1 comment: